- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စက်သုံးဆီများကို သတ်မှတ်ထားသည့် စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ကြောင်းထုတ်ပြန်
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သတ်မှတ်ထားသည့်စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
29 Sep 2021
DMG ၊ စက်တင်ဘာ ၂၉
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သတ်မှတ်ထားသည့်စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းကာ ပြည်သူများဈေးနှုန်းသက်သာစွာ စက်သုံးဆီဝယ်ယူနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သတ်မှတ်ထားသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်းဆိုင်များစာရင်းနှင့် ဈေးနှုန်းများကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သတ်မှတ်ထားသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော စက်သုံးဆီဈေးနှုန်းနှင့်အရောင်းဆိုင်လိပ်စာများကိုလည်း ပြည်သူများသိရှိဝယ်ယူနိုင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝယ်ယူသုံးစွဲသည့်ပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းမရှိပါကတိုင်ကြားနိုင်ပြီး လက်ရှိတွင် တိုင်ကြားမှုများမရှိသေးကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူ ဦးနိုင်ဦးက DMG သို့ပြောသည်။
“ကျနော်တို့ကတော့ လုပ်ငန်းကော်မတီဖြစ်တဲ့အတွက် ဖုန်းနံပါတ်ကလေးတော့ ပေးထားတယ်။ ၂၆ ရက်နေ့ ထုတ်ပြန်ချက်မှာပါတဲ့ဆိုင်တွေကို နာမည်တွေ၊ လိပ်စာတွေအကုန်လုံး ကျနော်တို့ပေးထားပါတယ်။ ပေးထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ ပိုရောင်းတာတွေရှိရင် ပြေစာအထောက်အထားတွေနဲ့ စုံစုံလင်လင်တိုင်ကြားနိုင်တယ်။ ပြီးရင်အထက်ဌာနကို ကျနော်တို့က တင်ပြပါတယ်။ တိုင်လာတဲ့အမှုတွေကို သက်ဆိုင်ရာကော်မတီတွေ စားသုံးသူရေးရာဝန်ကြီးဌာနတို့နှင့်ချိတ်ဆက်ပြီးတော့ စီစဉ်ဆောင်ရွက်မှာပါ။ အခုလက်ရှိတော့ တိုင်ကြားထားတာတွေ တစ်ခုမှမရှိသေးဘူး”ဟု ၎င်းကပြောသည်။
ယင်းသို့ သတ်မှတ်စက်သုံးဆီဈေးနှုန်းအတိုင်း ရခိုင်ပြည်မှ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ စစ်တွေမြို့နယ်တို့ရှိ ကျော်ဇံစက်သုံးဆီဆိုင်များတွင်လည်းကောင်း၊ လင်းမူတောင်ဆိုင်တွင်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်ပြီး စက်သုံးဆီတစ်လီတာဈေးနှုန်းများကို ငွေကျပ် ၁၂၀၀ ဝန်းကျင် သတ်မှတ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း ရခိုင်ရှိ ကျော်ဇံစက်သုံးဆီဆိုင်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ဝယ်ယူသုံးစွဲသည့်ပြည်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် ဖော်ပြဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီဖုန်း ၀၉-၆၆၄ ၀၇၅ ၆၈၃၊ ၀၉-၆၆၄ ၅၉၆ ၃၂၇၊ ၀၉-၆၈၁ ၆၃၅ ၉၄၃၊ ၀၉-၆၇၆ ၃၂၀ ၈၂၆ တို့အားလည်းကောင်း၊ စားသုံးသူဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဖုန်း ၀၁-၂၅၀ ၂၇၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁ ၀၀၆ ၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။