အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်ပိုး ထပ်မံတွေ့ရှိလာသည့်အတွက် ရောဂါထိန်းချုပ်ကာကွယ်မှုလုပ်ငန်းအား ပိုမိုဆောင်ရွက်နေဟုဆို

မြန်မာနိုင်ငံတွင် Omicron(အိုမီခရွန်)မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိလာမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများကို ပိုမိုအရှိန်မြင့် ဆောင်ရွက်နေကြောင်း ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

13 Jul 2022

စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်း၌ ကုန်တင်ကုန်ချအလုပ်သမားများအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၃

မြန်မာနိုင်ငံတွင် Omicron(အိုမီခရွန်)မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိလာမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများကို ပိုမိုအရှိန်မြင့် ဆောင်ရွက်နေကြောင်း ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အိုမီခရွန်မျိုးကွဲ BA.4နဲ့ BA.5 သည် မူလအိုမီခရွန်ပိုးထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုတို့လျော့နည်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက DMG သို့ ပြောသည်။

“BA.4 နဲ့ BA.5 က အိုမီခရွန်မိသားစုမှာတွေ့ရတဲ့ ရောဂါပိုးပေါ့။ အိုမီခရွန်မျိုးစိတ်ထဲမှာဖြစ်တဲ့အတွက် ရောဂါလက္ခဏာတွေကပြင်းထန်တယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာတော့ ရောဂါလက္ခဏာပြင်းထန်မှုတွေ၊ သေဆုံးမှုတွေ နည်းပါးတာတွေ့ရတယ်။ ရောဂါလက္ခဏာက မူလအိုမီခရွန်နဲ့ သိပ်မကွာဘူး။ ဒါပေမယ့် မူလအိုမီခရွန်နဲ့ကွာတဲ့အချက်က ကူးစက်တာပိုမြန်တာပေါ့” ဟု ၎င်းကပြောသည်။

အဆိုပါအိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 များဖြစ်ပွားခဲ့လျှင် မူလအိုမီခရွန်၏ ရောဂါလက္ခဏာများနှင့် ကွာခြားမှုမရှိဘဲ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ပင်ပန်းနွန်းလျခြင်းနဲ့ မကြာခဏနှာချေခြင်းကဲ့သို့သော တုပ်ကွေးရောဂါလက္ခဏာများကဲ့သို့ ဖြစ်ပွားတတ်ကြောင်းလည်းသိရသည်။

သုသေသနစမ်းသပ်ချက်များအရ ပိုးကူးစက်မြန်ဆန်မှုနှုန်းအား တွက်ချက်နိုင်ရန် ခက်ခဲကြောင်း၊ မူလအိုမီခရွန်မျိုးကွဲ BA.1 BA.2 တို့ထက် ယခုဖြစ်ပွားနေသည့် အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 ကူးစက်ခံရမည်ဆိုပါက ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ ရောဂါလက္ခဏာများကို ခံစားရနိုင်ကြောင်း သိရသည်။

“တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ ကူးစက်နိုင်လဲ၊ ကူးစက်မြန်လဲဆိုတာကို သုသေသနလုပ်ဖို့ကတော့ အတော်ခက်တယ်။ သုသေသနပညာရှင်တွေရဲ့တွေ့ရှိချက်အရ အခုဖြစ်ပွားနေတဲ့ BA.4 BA.5 က မူလအိုမီခရွန်နဲ့ သူ့ထက်ကူးစက်မှု ပိုမြန်တဲ့အတွက် BA.1 BA.2 တို့ထက် ရောဂါကြောင့်ပဲဖြစ်စေ၊ ရောဂါကာကွယ်ဆေးထိုးနှံလို့ပဲဖြစ်စေ ရရှိနိုင်တဲ့ ရှောင်လွှဲနိုင်စွမ်းတွေ သုံးဆလောက်ပိုမြင့်မားတာကိုတော့ တွေ့ထားရတယ်”ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့က ပြည်ပမှပြန်လာသော မြန်မာနိုင်ငံသားများအား ရောဂါပိုးစစ်ဆေးရာ SARA-CoV-2 Variant Qmicron(အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ပိုးတွေ့ရှိသူ ၁ ဦးနှင့် BA.5 ပိုးတွေ့ရှိသူ ၅ ဦးတို့တွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်များတွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေးဌာနက၏ ထုတ်ပြန်ချက်အရသိရသည်။

အလားတူ ယခုနှစ်ဇူလိုင်လတွင် ဘင်္ဂလာဒေ့ရှ်မှ ရခိုင်သို့ပြန်လာသည့် စက်လှေသမား ၅၅ ဦးအား စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် Quarantine ထားပြီး ကိုဗစ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးရာ ဇူလိုင်လ ၄ ရက်နေ့တွင် ၃ ဦး၊ ၇ ရက်နေ့တွင် ၂ ဦး၊ ၈ ရက်နေ့တွင် ၃ ဦးတို့၌ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်။

ရခိုင်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ရောဂါပိုးတွေ့ရှိသူ ၄၂၆၄ ဦးနှင့် သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ကိုဗစ်တတိယလှိုင်းတွင်(ဇန်နဝါရီလ ၃၀ ရက်နေ့အထိ) ရောဂါပိုးတွေ့ရှိသူ ၅၂၄၇ ဦးရှိခဲ့သည့်အနက် ၅၀၁ ဦးသေဆုံးခဲ့ရကြောင်း ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။