သံတွဲရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

သံတွဲမြို့နှင့် မိုင် ၂၀ ကျော်အကွာရှိ စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်းမှ ဇူလိူင် ၂၂ ရက်၊ ညနေပိုင်းအချိန် ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး သေဆုံးဒဏ်ရာရသွားခြင်းဖြစ်သည်။

By Admin 23 Jul 2024

စစ်ကောင်စီရေတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - CINCDS 
စစ်ကောင်စီရေတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - CINCDS 

DMG ၊ ဇူလိုင် ၂၃

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သရက်ပင်ကွင်းကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

သံတွဲမြို့နှင့် မိုင် ၂၀ ကျော်အကွာရှိ စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်းမှ ဇူလိူင် ၂၂ ရက်၊ ညနေပိုင်းအချိန် ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး သေဆုံးဒဏ်ရာရသွားခြင်းဖြစ်သည်။

“မနေ့က ညနေပိုင်းမှာ လက်နက်ကြီးက ဆက်တိုက်ပစ်နေတာ။ အဲဒါမှာ လက်နက်ကြီးကျလို့ ရွာအစွန်မှာရှိနေတဲ့ လယ်သမားတစ်ဦး ဒဏ်ရာရသွားတယ်။ နောက်တစ်ဦးက သေဆုံးသွားတယ်လို့ သိရတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

လတ်တလောတွင် ထိခိုက်သေဆုံးသွားသူများနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရှိရသေးပေ။ 

စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဇလွန် - သပြုချိုင် လမ်းအနီးဝန်းကျင်ရှိ  ကျေးရွာများမှ ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

ဇူလိုင် ၂၂ ရက်ကလည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မဒေါစမ်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

မဒေါစမ်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက “အခုနောက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုတွေပိုပြီးလုပ်လာတယ်။ ကျမတို့ရွာအနီးမှာဆိုရင် လက်နက်ကြီး သုံးလေးလုံးကျတယ်။ ရွာပြင်မှကျတာဖြစ်လို့ ဒဏ်ရာရတာတွေ မရှိဘူး။ အခုက ကျမတို့လည်း စစ်ရှောင်နေကြရတယ်” ဟု ပြောသည်။

သံတွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများကြောင်း အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည်။ ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီလက်နက်ကြီးကြောင့် အဘဲကျေးရွာတွင် ကိုယ်ဝန်ဆောင်အပါဝင် ဒေသခံ ၅ ဦး ဒဏ်ရာရှိခဲ့ပြီး၊ ဂျိတ္တောကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။ 

၂၀၂၄ ခုနှစ်၊ ဧပြီလကစတင်သည့် သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းနှင့် မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၆၀ ခန့်ရှိလာကြောင်း DMG စာရင်းအရ သိရသည်။ (မြေပြင်တွင် ယခုထက် ပိုများနိုင်ပါသည်။) 

ဗီဒီယိုများ