တိုက်ပွဲမရှိသည့် ဂွဒေသကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ 

ဂွဒေသတွင် ပထမဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး သံတွဲ - ကျိန္တလီ - ဂွကားလမ်းပေါ်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ ၁ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ 

By Admin 08 Aug 2024

တိုက်ပွဲမရှိသည့် ဂွဒေသကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ 

DMG ၊ ဩဂုတ် ၈ 

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကျေးရွာနှစ်ရွာကို ယနေ့ (ဩဂုတ် ၈) နံနက် ၂ နာရီခန့်အချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။

ဂွဒေသတွင် ပထမဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး သံတွဲ - ကျိန္တလီ - ဂွကားလမ်းပေါ်ရှိ ကျောက်ခေါင်းကွင်းရွာမှ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိကာ စေတီကွင်းကျေးရွာမှ အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။  

“လူတွေ အိပ်မောကျနေချိန် ဂျက်ဖိုက်တာတစ်စီးနဲ့ လာပြီးဗုံးကြဲသွားတာပါ။ စေတီကွင်းရွာမှာ ဘုန်းကြီးကျောင်းကို ကျတယ်။ ကျောက်ခေါင်းမှာတော့ ရွာအလယ်မှာ ကျတာပါ။ အဲဒါကြောင့် ထိခိုက်မှုများတာ” ဒေသခံ ၏သတင်းရင်းမြစ်က ပြောသည်။ 

ထိခိုက်ဒဏ်ရာရသူများမှာ နီးစပ်ဆေးခန်းများတွင် ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း သိရသည်။ 

ဂွမြို့နယ်တွင် AA က တိုက်ပွဲများ မဖော်ဆောင်သေးသော်လည်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ဒေသအနှံ့တွင် မိုင်းထောင်ခြင်း၊ လက်နက်အင်အား၊ လူအင်အားတိုးချဲ့ပြီး လုံခြုံရေးတင်းကြပ်ကာ ဒေသခံများအား စစ်ဆေး၊ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။   

“ဒေသခံတွေ အကုန်လုံးက စိုးရိမ်နေကြပြီ။ ရွာတွေမှာ မနေရဲတော့ဘူး။ တိမ်းရှောင်နေသူလည်း အများကြီးရှိတယ်။ အခုလို ဗုံးကြဲလာတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေနေရပါတယ်” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၃ ရက်ကလည်း ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားရာ ချင်းကွင်း၊ ကသိုင်းကွင်း၊ ကျိန္တလီ၊ ကုလားပြင် စသည့်နေရာများမှ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံသတင်းရင်းမြစ်က “အရင်လကလည်း စစ်ကောင်စီစခန်းတွေကနေ သေနတ်သံတစ်ချို့ ကြားခဲ့ရတယ်။ နှစ်ဘက်တိုက်ပွဲတော့ မဟုတ်ဘူး။ အခုလည်း ဗုံးကြဲခဲ့တော့ နှစ်ဖက်တိုက်ပွဲက ဘယ်နေ့ဘယ်အချိန် ဖြစ်လာမလဲ စောင့်ကြည့်ရတော့မယ်။ ဒီနေ့ညည့်အချိန် ဗုံးကြဲခဲ့တဲ့နေရာတော့ သံတွဲဘက်နဲ့နီးတယ်” ဟု ပြောသည်။

ဂွမြို့နယ်တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် အရပ်သားသေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၃ ဦးအထိရှိနေသည်။ 

ဂွမြို့နယ်သည် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ် မြောက်ဖက်တွင်ရှိပြီး AA က တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။