- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေတွင် အမျိုးသမီး ၅၀၀ ကို သားအိမ်ခေါင်းကင်ဆာရောဂါ စစ်ဆေးပေးနေ
ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် ဒေသခံအမျိုးသမီးဦးရေ ၅၀၀ တို့ကို သားအိမ်ခေါင်းကင်ဆာရောဂါ ရှိ၊ မရှိ (မေလ ၂၆ ရက်နေ့မှ မေလ ၂၈ ရက်နေ့)အထိ သုံးရက်ကြာ အခမဲ့စစ်ဆေးပေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများထံမှသိရသည်။
27 May 2022
DMG ၊ မေ ၂၇
ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် ဒေသခံအမျိုးသမီးဦးရေ ၅၀၀ တို့ကို သားအိမ်ခေါင်းကင်ဆာရောဂါ ရှိ၊ မရှိ (မေလ ၂၆ ရက်နေ့မှ မေလ ၂၈ ရက်နေ့)အထိ သုံးရက်ကြာ အခမဲ့စစ်ဆေးပေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများထံမှသိရသည်။
အမျိုးသမီးများတွင် အဆိုပါရောဂါတွေ့ရှိပါက သက်ဆိုင်ရာ သားဖွားမီးယပ် ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်က ဆက်လက်ကုသပေးနိုင်ရေးအတွက် ယင်းသို့စမ်းသပ်ရခြင်းဖြစ်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က DMG သို့ပြောသည်။
“သားအိမ်ခေါင်းကင်ဆာ တည်ရှိသလား၊ ဖြစ်နိုင်သလားဆိုတာကို စစ်ဆေးတယ်။ ကင်ဆာဖြစ်တယ်ဆိုရင်တော့ သူ့ရဲ့အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ သားဖွားမီးယပ်ကဆရာ/ဆရာမတွေနဲ့ဆွေးနွေးပြီး လိုအပ်တာတွေ ကုသပေးရမှာပေါ့။ စစ်ဆေးမှုမပြုလုပ်ခင် ကျနော်တို့ရပ်ကွက်တွေမှာ အသိပညာပေးဟောပြောမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်”ဟု ဒေါက်တာ ကြည်လွင်ကပြောသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် အန္တရာယ်ရှိသော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အသက်ငယ်ရွယ်စဉ် အိမ်ထောင်ပြုခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ခုခံအားကျဆင်းမှုရောဂါရှိခြင်း၊ မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့များပေါက်ခြင်း၊ ဆေးလိပ်သောက်သုံးသည့်အမျိုးသမီးတို့တွင် အများဆုံး ဖြစ်ပွားတက်သဖြင့် အသက်(၃၅)နှစ်မှ (၅၅)နှစ်အတွင်းအမျိုးသမီးများ အစစ်ဆေးခံသင့်ကြောင်းလည်း ဒေါက်တာကြည်လွင်က ဆိုသည်။
လက်ရှိတွင် သားအိမ်ခေါင်းကင်ဆာစစ်ဆေးပြီး ရောဂါပိုးတွေ့ရှိသူများကို ကုသမှုဆက်လက်ပေးမည်ဖြစ်ကာ ပိုးမတွေ့ရှိသူများကိုလည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပေးသွားမည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။
“အခုလို သားအိမ်ခေါင်းကင်ဆာရောဂါ စစ်ဆေးမှုပြုလုပ်ပေးတာကတော့ ပထမဆုံးအကြိမ်ပေါ့။ စစ်ဆေးမှုတွေ ပြလုပ်မယ့် ရောဂါပိုးမတွေ့ရှိတဲ့သူတွေကိုတော့ ကာကွယ်ဆေးထိုးနှံပေးသွားမှာပါ”ဟု ပြောသည်။
သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့်ခါး နာကျင်ကိုက်ခဲခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ လိင်ဆက်ဆံမှုပြုပြီးပါက သွေးဆင်းခြင်းနှင့် နာကျင်ခြင်းများဖြစ်ပေါ်တက်ကြောင်း သိရသည်။