ကျောက်ဖြူတွင် အသစ်ဖောက်လုပ်ထားသောချောင်းမှာ ကမ်းပါးပြိုကျမှုများကြောင့် ချောင်းပိတ်ဆို့မည်ကို ဒေသခံကျေးရွာသားများ စိုးရိမ်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အသစ်ဖောက်လုပ်ထားသောချောင်းမှာ ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လာသဖြင့် မကြာမီကျရောက်တော့မည့် မိုးရာသီတွင် အဆိုပါချောင်းပိတ်ဆို့မှုဖြစ်ပေါ်ကာ အနီးပတ်ဝန်းကျင်ကျေးရွာများ ရေနစ်မြုပ်မှုဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

12 May 2022

ကျောက်ဖြူတွင် အသစ်ဖောက်လုပ်ထားသည့်ချောင်း၌ (မေလ ၁၀ ရက်နေ့)က ကမ်းပါးပြိုကျမှုမြင်ကွင်း။ Photo – U Phoe San

DMG ၊ မေ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အသစ်ဖောက်လုပ်ထားသောချောင်းမှာ ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လာသဖြင့် မကြာမီကျရောက်တော့မည့် မိုးရာသီတွင် အဆိုပါချောင်းပိတ်ဆို့မှုဖြစ်ပေါ်ကာ အနီးပတ်ဝန်းကျင်ကျေးရွာများ ရေနစ်မြုပ်မှုဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာနှင့် ကျောက်တင်ဆိပ်ကျေးရွာတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချရေးစီမံကိန်းတစ်ခုကို တရုတ်နိုင်ငံမှ Power China ကုမ္ပဏီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော်လျက်ရှိရာ ယင်းစီမံကိန်းကြောင့် မူလတည်ရှိသည့် ချောင်းကိုပိတ်ဆို့ကာ ချောင်းသစ်ဖောက်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါချောင်းသစ်မှာ လက်ရှိတွင် ကမ်းပါးပြိုကျမှုများရှိလာခြင်းကြောင့် ရေသွားလမ်းများပိတ်ဆို့ကာ အနီးပတ်ဝန်းကျင်ကျေးရွာများ ရေနစ်မြုပ်မှုဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေရသည်ဟု အုန်းတောကျေးရွာမှ ကိုထွန်းစောကပြောသည်။

“မိုးကဖြင့် ရွာတောင်မရွာရသေးဘူး။ အခု ကမ်းပါးတွေပြိုကျနေပြီ၊ တူးထားတဲ့ချောင်းကလဲ သဲတွေပြန်ကျသွားတော့ တိမ်သွားပြီ။ ဒီအတိုင်းဆိုရင် မိုးရာသီမှာ ရွာကိုရေဝင်ပြီး ရေနစ်မြုပ်သွားမဲ့ အနေအထားမှာရှိနေတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါချောင်းကမ်းပါးပြိုကျမှုကြောင့် ရေသွားလမ်းများပိတ်ဆို့မှုဖြစ်မည်ကို ချောင်းအထက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံတို့က စိုးရိမ်နေကြပြီး အထူးသဖြင့် မိုးရာသီတွင်ရေလွှမ်းမိုးပြီး လယ်ယာမြေများ ထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်နေကြသည်။

“အဓိက ဒီချောင်းက လယ်သမားတွေအတွက် အသက်ဖြစ်နေတယ်။ ရေစီးရေလာ မကောင်းဘူးဆိုရင် ချောင်းရဲ့ အပေါ်ဖက်မှာရှိတဲ့လယ်ယာတွေက အမြဲရေနစ်မြုပ်နေမှာ။ ဒါကြောင့် ချောင်းကရေစီးရေလာကောင်းမှ လယ်ယာလုပ်လို့အဆင်ပြေမယ်”ဟု ဒေသခံ ဦးမောင်လှကပြောသည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက “လောလောဆယ် အဲဒီကမ်းပါးပြိုကျတဲ့ကိစ္စ စုံစမ်းနေတယ်။ သေချာပြောလို့မရသေးဘူး”ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက ကျေးရွာသားများနှင့်အတူ အဆိုပါချောင်းကို သွားရောက်ကြည့်ရှုခဲ့ရာတွင် ချောင်းမှာ အမှန်တကယ်ပျက်စီးလာနေသည်ကို မြင်တွေ့ခဲ့ရကြောင်းနှင့် မိုးရာသီတွင် မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်း၏လူမှုကွန်ယက်ပေါ်တွင် မေလ ၁၀ ရက်နေ့က ရေးသားထားသည်။

စီမံကိန်းမစတင်မီအချိန်ကတည်းက သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက်၊ လူမှုပတ်ဝန်းကျင်ဆန်းစစ်ချက် (EIA/SIA)စစ်တမ်းများ ကောက်ယူသင့်သည်ဟု ဦးဖိုးစံက ထောက်ပြထားသည်။

လက်ရှိဖောက်လုပ်ထားသော ချောင်းသစ်တစ်လျှောက်တွင် ကမ်းထိန်းနံရံပြုလုပ်ရန် မီတာ ၃၀၀ ကျော်ကျန်ရှိနေသေးပြီး ပြုလုပ်ထားသည့်ကမ်းထိန်းနံရံများမှာလည်း မိုးအနည်ငယ်ရွာသွန်းခြင်းကြောင့် ပျက်စီးမှုများရှိလာနေသည်ဟု ဒေသခံများကဝေဖန်နေကြသည်။

ယခုအကောင်အထည်ဖော်လျက်ရှိသော လျှပ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချရေးစီမံကိန်းကို ၂ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်ခွင့်သက်တမ်း ၂၅ နှစ်ပေးအပ်ထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။ စက်ရုံပြီးစီးပါက မြန်မာနိုင်ငံအစိုးရကို Power China ကုမ္ပဏီမှ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် Power China ကုမ္ပဏီမှ မြေဧက ၄၄ ဧကနှင့် မြန်မာလျှပ်စစ်လုပ်ငန်းမှ ၁၅ ဧကအသုံးပြုထားသည်။ ယင်းအထဲမှ စက်ရုံတည်ဆောက်မှုတွင် မြေ ၁၅ ဧကနှင့် စက်ရုံအား အအေးပေးစနစ်အသုံးပြုလည်ပတ်နိုင်ရန် ရေကန်တည်ဆောက်ရာတွင် မြေ ၄၄ ဧက အသုံးပြုထားကြောင်း သိရသည်။