မင်းပြားတစ်မြို့လုံးအတွက် ဖလောင်းပြင်ဆည်မှ ရေပေးဝေရန် အခက်အခဲရှိ

ရေရှားပါးမှုနှင့်ရင်ဆိုင်နေရသည့် မင်းပြားမြို့တွင် ရပ်ကွက်အားလုံးကို ဖလောင်းပြင်ဆည်မှရေပေးဝေရန် အခက်အခဲရှိနေသေးသည်ဟု မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

14 Feb 2022

မင်းပြားမြို့ရှိ ဖလောင်းပြင်ဆည်အား တွေ့ရစဉ်။ (ဓါတ်ပုံ-ကျော်ဝင်း)

DMG ၊ ဖေဖော်ဝါရီ ၁၄

ရေရှားပါးမှုနှင့်ရင်ဆိုင်နေရသည့် မင်းပြားမြို့တွင် ရပ်ကွက်အားလုံးကို ဖလောင်းပြင်ဆည်မှရေပေးဝေရန် အခက်အခဲရှိနေသေးသည်ဟု မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မင်းပြားမြို့တွင် ရပ်ကွက် ၈ ခုရှိပြီး ရပ်ကွက်အားလုံးကို ရေပေးနိုင်ရန် ဖလောင်းပြင်ဆည်တွင် ရေအလုံအလောက်ရှိသော်လည်း စက်သုံးဆီဈေးနှုန်းကြီးမားမှု၊ ရေတွန်းစက်နည်းပါးမှုတို့ကြောင့် အခက်အခဲရှိခြင်းဖြစ်သည်။ ထို့ကြောင့် ရပ်ကွက် ၅ ခု ကို တစ်နေ့လျှင် ၅ နာရီခန့်သာ ရေပေးနိုင်သေးပြီး တခြားရပ်ကွက်များကို ရေမပေးဝေနိုင်သေးဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်ကပြောသည်။

“တစ်မြို့လုံးကိုရေပေးဝေဖို့အတွက်ဆိုရင် စက်သုံးဆီအလုံအလောက် သုံးစွဲနိုင်ဖို့လိုတယ်။ ဖလောင်းပြင်ဆည်က မြို့နဲ့ သုံးမိုင်လောက်ဝေးတယ်။ ဆိုတော့ မြို့အစအဆုံးကို ရေတွန်းစက်တစ်လုံးတည်းနဲ့မနိုင်ဘူး။ နောက်တစ်လုံးလိုအပ်တယ်။ အဲဒါတွေအဆင်ပြေသွားရင်တော့ တစ်မြို့လုံးကိုရေပေးဝေနိုင်မှာပါ“ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဈေးဟောင်းပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဥက္ကာပျံရပ်ကွက်၊ ပြည်တော်သာရပ်ကွက် စသည့်(၅)ရပ်ကွက်ခန့်သာ ယင်းသို့ရေရရှိနေသည်ဟု ၎င်းကဆက်လက်ပြောသည်။

မင်းပြားမြို့တွင် နွေရာသီအတွင်း ရေပိုမိုရှားပါးလာနိုင်သဖြင့် စက်သုံးဆီရရှိရေး၊ ရေတွန်းစက်ရရှိရေးတို့အတွက် ပြည်နယ်စစ်ကောင်စီထံသို့ ဖေဖော်ဝါရီလပထမပတ်တွင် တင်ပြထားသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မင်းပြားမြို့တွင် အဓိကရေပေးဝေနေသည့် ဂရင်ဂျိုင်ဆည်တွင် ရေပြတ်တောက်သွားသဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ဖလောင်းပြင်ဆည်မှ ပေးဝေနေခြင်းဖြစ်သည်။

ဖလောင်းပြင်ဆည်မှ ရေပေးဝေနေပြီဖြစ်သော်လည်း ပုံမှန်မရရှိသည့်အတွက် ရေဝယ်သုံးရသည့်ရက်ပိုများသည်ဟု ဥက္ကာပျံရပ်ကွက်မှ ကိုရခိုင်ကြီးကဆိုသည်။

“ရေက ပုံမှန်မရောက်တော့ အပြင်ကဝယ်သုံးရတာက ပိုများပါတယ်။ အပြင်ကဆိုရင် လီတာ ၁၀၀၀ ကားတစ်စီးကို ငွေငါးထောင်ပေးရတယ်။ ရေပုံမှန်မရတဲ့ဒေသခံတွေမှာ ချက်ပြုတ်စားသောက်တာအစ အခက်အခဲဖြစ်တယ်။ ဝယ်လို့သုံးရင်လည်းရေတွေက ညစ်ပတ်တယ်။ ကျန်းမာရေးမကောင်းဖြစ်မှာကိုလည်း  စိုးရိမ်ရတယ်”ဟု ၎င်းကဆိုသည်။

မင်းပြားမြို့တွင် ရေပုံမှန်မရရှိသည့်အတွက် ဒေသခံပြည်သူများမှာ အလုပ်လုပ်ရာတွင်အချိန်ကြန့်ကြာမှုရှိသည့်အပြင် ရေရှည်တွင် ယခုကဲ့သို့ရေမရရှိပါက ပို၍အခက်အခဲဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

“ကျနော်တို့ပြည်တော်လှရပ်ကွက်ကတော့ မရသေးဘူး။ လောလောဆည်တော့ မြေသားရေကန်ကနေ သုံးစွဲနေကြပါတယ်။ မြေသားကန်က ရေကိုလည်း အချိန်တိုင်းခပ်လို့မရဘူး။ မနက်ပိုင်းဆိုရင် ၆ နာရီကနေ ၉ နာရီထိပဲခပ်လို့ရတယ်။ ညပိုင်းဆိုရင်လည်း ညနေ ၃ နာရီမှ ၅ နာရီထိပဲခပ်လို့ရတယ်။ အခုရေကန်လည်း ဒီလကုန်၊နောက်လဆိုရင် ခမ်းသွားမယ့်အနေထားရှိပါတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကပြောသည်။

ဒေသခံများ ရေရရှိရေးအဆင်မပြေဖြစ်နေခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအားဆက်သွယ်ခဲ့ရာ မင်းပြားမြို့အတွင်း ဖလောင်းပြင်ဆည်မှ ရေရရှိရေးအတွက်ဆောင်ရွက်နေသည်ဟု ဆိုသည်။

“လောလောဆည် ရေပိုက်လိုင်းဆက်သွယ်တာတွေ လုပ်နေပါတယ်။ ရပ်ကွက်တချို့တော့ ရနေပြီ။ တစ်မြို့လုံးရအောင်တော့လုပ်ဆောင်ရမယ်။ တစ်မြို့လုံးရေရရှိဖို့အတွက် နည်းနည်းတော့ အခက်အခဲရှိနေပါတယ်။ ရေလာလမ်းကြောင်းဝေးတာတွေ၊ ရေတင်ဖို့အတွက် မြင့်နေတာတွေရှိနေပါတယ်”ဟု ၎င်းကပြောသည်။

မင်းပြားမြို့တွင် ရေကန် ၃၂ ကန်နှင့် ဂရင်ဂျိုင်ဆည်၊ ဖလောင်းပြင်ဆည်၊ မြောင်းကြီးဆည်တို့ရှိသော်လည်း ဒေသခံများမှာ နှစ်စဉ်ရေရှားပါးမှုနှင့် ကြုံတွေ့ကြရသည်။