- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ အဆမတန်မြင့်တက်နေ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကုန်ပစ္စည်းသယ်ယူရေးမှာ ကန့်သတ်ပိတ်ပင်မှုများရှိနေသောကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ဆန် စသည့်အခြေခံလူသုံးကုန်ပစ္စည်းများမှာ ဈေးနှုန်းအဆမတန်မြင့်တက်နေသောကြောင့် ဒေသခံများမှာ အခက်တွေ့နေကြသည်ဟု သိရသည်။
12 Mar 2022
DMG ၊ မတ် ၁၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကုန်ပစ္စည်းသယ်ယူရေးမှာ ကန့်သတ်ပိတ်ပင်မှုများရှိနေသောကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ဆန် စသည့်အခြေခံလူသုံးကုန်ပစ္စည်းများမှာ ဈေးနှုန်းအဆမတန်မြင့်တက်နေသောကြောင့် ဒေသခံများမှာ အခက်တွေ့နေကြသည်ဟု သိရသည်။
ပလက်ဝမြို့၏ အဓိကကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ ကျောက်တော်-ပလက်ဝလမ်းကြောင်းဖြစ်ပြီး ကုန်ပစ္စည်းများကို ကျောက်တော်မှတစ်ဆင့် တင်ပို့ရခြင်းဖြစ်သည်။ လက်ရှိတွင် ကျောက်တော်-ပလက်ဝသို့ စစ်ကောင်စီအစဉ်ဖြင့် ရေယာဉ်တစ်စီးပြေးဆွဲနေသော်လည်း ဆန်၊ဆီ၊ဘိလပ်မြေ၊သံထည် ပစ္စည်းများကို တင်ဆောင်ခွင့်ကန့်သတ်ထားသည်ဟု ဒေသခံများထံမှသိရသည်။
ထို့ကြောင့်ဒေသခံများမှာ ရရာနည်းလမ်းများဖြင့် အဆိုပါကုန်ပစ္စည်းများကို တင်သွင်းနေသဖြင့် ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းဖြစ်သည်။
“အခုထိ ဆန်၊ ဆီ၊ ဘိလပ်မြေ၊ သံထည်ပစ္စည်းတွေ မတင်ရသေးပါ။ ဘာကြောင့် ဒီပစ္စည်းတွေမတင်ရဆိုတာလည်း မသိပါဘူး။ ပစ္စည်းတွေမတင်ရဆိုတာ တစ်ခုပဲသိရပါတယ်။ အခု လူသုံးကုန်ပစ္စည်းတွေကလည်း နှစ်ဆလောက်ဈေးတက်နေပြီ”ဟု ဈေးဆိုင်ရောင်းချနေသည့် ပလက်ဝဒေသခံကပြောသည်။
ယခင်က ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၂၀၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ တစ်လီတာလျှင် ငွေကျပ် ၄၀၀၀ ခန့်အထိ ဈေးမြင့်တက်နေသည်။ ထို့ပြင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်က ငွေ ငါးသောင်းကျပ်ရှိခဲ့ရာမှ ယခုအခါ ခြောက်သောင်းကျပ်သို့ မြင့်တက်သွားကာ ဆန်ကြမ်းတစ်အိတ်လျှင်လည်း ငွေကျပ်သုံးသောင်းကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ်သုံးသောင်းခွဲအထိ မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။
အလားတူ စားဆီသန့် ၁ လီတာလျှင် ယခင်က ၃၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ငွေ ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်ကြားအထိ မြင့်တက်နေသည်ဟု သိရသည်။
ထိုသို့ ဆီဈေးနှုန်းများမြင့်တက်နေသောကြောင့် နေ့တွက်မကိုက်သဖြင့် သုံးဘီးမောင်းနှင်သူများမှာလည်း ရပ်တန့်ထားရသည့်အခြေအနေဖြစ်ကာ စားဝတ်နေရေးလည်းခက်ခဲလာသည်ဟု ပလက်ဝဒေသခံ ကိုသက်ဆန်းဦးကပြောသည်။
“နေ့တွက်မကိုက်ဘူး။ ဆီ ၁ လီတာကို ၄၀၀၀ နှုန်းနဲ့ ထည့်နေရတော့ တစ်ရက်မှာ ဆီဂါလံခွဲကျော်၊ တစ်ဂါလံနီးပါးလောက် စားတယ်ပေါ့။ တစ်ယောက်ကို ၁ ထောင်နှုန်းနဲ့သွားရင်တောင် ကျနော်တို့အတွက် လေး၊ ငါးထောင်လောက်ပဲကျန်တယ်။ နေ့ကျ ကားမောင်းစားတဲ့လူတွေက ပိုပြီးအဆင်မပြေဘူး။ ကုန်ဈေးနှုန်းကလည်းဈေးကြီးလာတော့ စားဝတ်နေရေးကလည်း တစ်ရက်မှာ ၄၊ ၅ ထောင်ရလို့က အဆင်မပြေဘူးလေ။ သုံးဘီးတွေတောင် မထွက်ချင်စိတ်ဖြစ်လို့ ရပ်နားထားကြရတယ်”ဟု ၎င်းကဆိုသည်။
ပလက်ဝဒေသခံများအတွက် ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းစေရန် အဓိကထွက်ပေါက်တစ်ခုမှာ ကျောက်တော်-ပလက်ဝသို့ပြေးဆွဲနေသည့် ရေယာဉ်ပေါ်တွင် ကုန်ပစ္စည်းများကိုလွတ်လပ်စွာတင်သွင်းခွင့်ရရှိရေးဖြစ်ပြီး ထိုသို့တင်သွင်းခွင့်ရလျှင် ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ဟု ဒေသခံများကမျှော်လင့်နေကြသည်။