- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် ရဲကဖမ်းဆီးသွားသူနှစ်ဦးထဲမှ တစ်ဦးပြန်လွတ်
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရဲကဖမ်းဆီးခေါ်ဆောင်သွားသူ နှစ်ဦးထဲမှ ယနေ့ညနေပိုင်းတွင် တစ်ဦးပြန်လည်လွတ်မြောက်လာပြီး ကျန်တစ်ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။
29 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၉
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရဲကဖမ်းဆီးခေါ်ဆောင်သွားသူ နှစ်ဦးထဲမှ ယနေ့ညနေပိုင်းတွင် တစ်ဦးပြန်လည်လွတ်မြောက်လာပြီး ကျန်တစ်ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။
လွတ်မြောက်လာသူမှာ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ ဦးတင်ဦး(၃၅)နှစ်ဖြစ်သည်။
“သူလွတ်လာပါတယ်။ သူတို့အထဲမှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာတော့မသိဘူး။ ကျနော်လည်း သူနဲ့မတွေ့သေးဘူး။ ခံဝန်လက်မှတ်ထိုးပြီး ပြန်လွတ်လာတာလို့သိရတယ်“ဟု ဦးတင်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။
ဦးတင်ဦးနှင့် ကိုတင်ထွန်းအောင်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရဲကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆက်လက်ထိန်းသိမ်းခံထားရသည့် ကျန်းမာရေးဝန်ထမ်း ဦးတင်ထွန်းအောင်ကိုမူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်ဟုကြားသိရကြောင်း ၎င်း၏အစ်ကိုဖြစ်သူ ဦးမင်းအောင်ကပြောသည်။
“နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သူနဲ့နီးစပ်သူတစ်ယောက်ဆီက တစ်ဆင့်ခံကြားနေရတယ်။ ဘယ်သူကအမှုဖွင့်တာလည်းဆိုတာ မသိရသေးဘူး။ စစ်တပ်ကလို့တော့ထင်တယ်။ မနက်ဖြန်မှအတိအကျသိရမယ်။ ကျနော်တို့လည်းစုံစမ်းနေပါတယ်“ဟု ၎င်းကဆိုသည်။
ဦးတင်ထွန်းအောင်မှာ ပလက်ဝမြို့မရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး နေပြည်တော်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သောပုဒ်မဖြစ်သည်။
ဦးတင်ထွန်းအောင်အား အမှုဖွင့်ထားသည်ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး ပလက်ဝမြို့မရဲစခန်းမှ တာဝန်ရှိသူများထံ DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ဦးတင်ဦးနှင့် ကိုတင်ထွန်းအောင်တို့မှာ စစ်ဘေးရှောင်များအတွက်ကူညီပံ့ပိုးရေးဆောင်ရွက်နေသည့် ပရဟိတလုပ်ကိုင်နေသူများဖြစ်သည်။