ပညာတတ် နည်းပါး၍ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေရခြင်းဟု စစ်ခေါင်းဆောင်ပြော

မဲမသမာမှုကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူခဲ့သော်လည်း လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်ဖြစ်စဉ်များအထိ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ 

By Admin 27 Aug 2024

ပညာတတ် နည်းပါး၍ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေရခြင်းဟု စစ်ခေါင်းဆောင်ပြော

DMG ၊ ဩဂုတ် ၂၇

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေများကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်နေကြခြင်းမှာ ပညာတတ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

မဲမသမာမှုကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူခဲ့သော်လည်း လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်ဖြစ်စဉ်များအထိ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ 

ဩဂုတ်လ ၂၆ ရက်က မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ နည်းပြဆရာ/မများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံစကားပြောရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“မဲမသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ဖြစ်ပေါ်တာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းတာ မပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်လာတယ်။ အဲဒီလို ဖြစ်ရတာကို သုံးသပ်ရမယ်ဆိုရင် မိမိတို့နိုင်ငံမှာ ပညာတတ်တွေ နည်းပါးတာကြောင့်ဖြစ်တာကို တွေ့ရှိရမှာဖြစ်တယ်” ဟု သူက ပြောသည်။

ဩဂုတ် ၂၆ ရက်က မန္တလေးပညာရေးဒီဂရီကောလိပ်တွင် စစ်ခေါင်းဆောင်က အမှာစကားပြောနေစဉ်။ ဓာတ်ပုံ - CINCDS

နိုင်ငံတော်အကျိုးကို မကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံအနာဂတ်ကို ဖျက်ဆီးနေကြသဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အားပေးဆောင်ရွက်နေပြီး ပညာတတ်လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေကြောင်း စစ်ခေါင်းဆောင်က ဆက်ပြောသည်။  

မြန်မာနိုင်ငံတဝန်းရှိ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသများတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က  အရပ်သားအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် သိမ်းယူခဲ့သည်။ 

“အာဏာသိမ်းမှုအပေါ် ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တာကို စစ်တပ်က အင်အားသုံးပြီး အကြမ်းဖက် ဖြေရှင်းခဲ့တယ်။ ဖမ်းဆီးသတ်ဖြတ်ထောင်ချခဲ့တယ်။ အဲဒါကြောင့် ပြည်သူတွေက လက်နက်ကိုင်မှသာ စစ်တပ်ကို ဖြုတ်ချနိုင်မှာလို့ ယုံကြည်ပြီး လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာတာဖြစ်တယ်။ အဲဒါကို ပညာမတတ်လို့ လက်နက်ကိုင်တယ်လို့ ပြောရအောင် သူက ဘယ်လောက်ထိများ ပညာတတ်နေလို့လဲ။ လက်နက်ကိုင်တွေထဲမှာ သူ့ထက်ပညာတတ်တာတွေ၊ ပညာရေးအဆင့်မြင့်တာတွေ၊ အတွေးအခေါ်မြင့်တဲ့လူတွေမှ အများကြီး” ဟု စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားသူ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ 

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်းမှာ (၅,၅၅၅) ဦးရှိပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ 

ယင်းအပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၂၄၆) ဦးရှိပြီး ထိုအထဲမှ (၂၀,၇၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၃၄၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP က ထုတ်ပြန်ထားသည်။