- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဆိပ်ရွာသားငါးဦးအမှုကို စွဲချက်တင်သင့်၊မသင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ကြားနာမည်
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ကြားနာမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။
27 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၇
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ကြားနာမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။
ယနေ့(ဒီဇင်ဘာလ ၂၇ ရက်)တွင် ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိနေသည့် ပုဏ္ဏားကျွန်းရဲစခန်းမှ အမှုစစ်အရာရှိကို စစ်ဆေးမှုပြီးစီးခဲ့သဖြင့် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ကြားနာသွားမည်ဟု တရားလွှတ်တော်ရှေ့ ဦးလှအောင်သိန်းကပြောသည်။
လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄) နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃)ဦးကိုပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။
၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်မေးမြန်းနေသည့်ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။
ယင်းဗီဒီယိုဖိုင်မှာပါသည့်အတိုင်း လုပ်ဆောင်ခြင်းမှာ တပ်မတော်တပ်ဖွဲ့ဝင်များ မှန်ကန်သည့်အတွက် ထိုသို့လုပ်ဆောင်ခဲ့သူများအား စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်း မြို့အခြေစိုက် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် ၂၀၂၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၅ ဦးမှာ အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည်မှာ လက်ရှိတွင် (၂)နှစ်ခန့်ကြာမြင့် လာခဲ့ပြီဖြစ်သည်။
"ကျွန်မတို့သားတွေမှာ အပြစ်မရှိတဲ့အတွက် စွဲချက်မတင်ဖို့မျှော်လင့်မိတယ်။ ဒါ့ကြောင့်လည်း အဲဒီနေ့မှာ လွတ်မယ်လို့မျှော်လင့်ထားတယ်"ဟု ဖမ်းဆီးခံထားရသူ ကိုညီညီအောင်မိခင် ဒေါ်နီနီအေးက ပြောသည်။
ကျောက်ဆိပ်ကျေးရွာသားများအမှု လျှောက်လဲကြားနာရန်အတွက် လာမည့် ဇန်နဝါရီလ ၅ ရက်နေ့ကို ချိန်းဆိုထားကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်(AA) ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပြီးအချိန်မှစ၍ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများ၏အမှုကို ရုပ်သိမ်းသင့်ကြောင့် ရခိုင်လူအမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုနေကြသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသူထဲမှ လွတ်ငြိမ်းချမ်းသာ ခွင့်နှင့် အမှုရုပ်သိမ်းလွှာတို့ကြောင့် လွတ်မြောက်လာသူ ယနေ့အချိန်ထိ ၉၆ ဦးရှိပြီဖြစ်သော်လည်း မလွတ် မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။