ကျောက်တော်က ကိုယ်ဝန်ဆောင်တစ်ဦးထံတွင် ကိုဗစ်တွေ့

ရခ်ုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရကြောင်း စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက DMG သို့ပြောသည်။

22 Sep 2021

DMG ၊ စက်တင်ဘာ ၂၂

ရခ်ုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရကြောင်း စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက DMG သို့ပြောသည်။

အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးထံတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်းအတည်ပြုချက်ကို ကန်စောက်ကျန်းမာရေးမှူးမှ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီကျော်ခန့်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့စခန်းမှာ အနံ့မရတဲ့သူ နှစ်ယောက်ရှိတဲ့အတွက် အပေါက်ဝတိုက်နယ်ဆေးရုံဆရာဝန်ကြီး မနေ့က ၂ နာရီလေက်မှာ လာပြီးစစ်ဆေးပေးတယ်။ အဲဒီနှစ်ယောက်ကို မသင်္ကာလို့ ဆေးရုံကိုဆေးစစ်ဖို့ခေါ်သွားပါတယ်။ ပြီးတော့မှ အခုလိုအတည်ပြုချက်ကိုရခဲ့တာပါ”ဟု ဦးအောင်ကျော်ဝင်းကပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် ၎င်းအမျိုးသမီးမှာ ကိုယ်ဝန်လေးလခန့်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

“လက်ရှိမှာကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ သူတို့အိမ်ကို  Lockdown ချထားပါတယ်။ သူတို့မိသားစုတွေကိုလည်း အပြင်မထွက်ခိုင်းသလို အခြားသူတွေကိုလည်းမဝင်ခိုင်းပါဘူး”ဟု ဦးအောင်ကျော်ဝင်းကဆိုသည်။

ယခုကဲ့သို့ ကိုဗစ်ပိုးတွေ့ရှိခြင်းကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် စိုးရိမ်ကြောင်းလည်း ဦးအောင်ကျော်ဝင်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တောင်မင်းကုလားစစ်ရှောင်စခန်းတွင် ကိုဗစ်တတိယလှိုင်းအတွင်း ကာကွယ်ဆေးတစ်ကြိမ်ထိုးထားသူ ၃၃ ဦးခန့်မှာ ဖျားနာပြီးအနံ့မရဖြစ်သည့်အတွက် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရကြောင်း ကျောက်တော်မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းဦးက ပြောဆိုထားသည်။

အဆိုပါ အနံ့မရဘဲဖျားနာသူတို့မှာ ပြန်လည်သက်သာကောင်းမွန်လာကြောင်း သိရသည်။

တောင်မင်းကုလားစစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၅၃၁ ဦး ခိုလှုံနေထိုင်လျက်ရှိပြီး ရခိုင်၊ မြိုနှင့် ခမီတိုင်းရင်းသားများ ပါဝင်ကြသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း အတည်ပြုလူနာစုစုပေါင်း ၄၆၃၈ ဦးအထိရှိပြီး ယင်းအထဲမှသေဆုံးသူ ၄၄၈ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ ၂၁ ရက်နေ့အထိ စာရင်းအရ သိရသည်။