ပြည်သူ့လုံခြုံရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဟု စစ်ခေါင်းဆောင်ပြော

ပြည်သူ့လုံခြုံရေးစနစ်သည် စစ်မှုထမ်းဥပဒေတွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်အထက် အမျိုးသားများကို တစ်လကြာ စစ်သင်တန်းပေးပြီး ရပ်ရွာ/ရပ်ကွက်များတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းမည့် စနစ်ဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။ 

By Admin 31 Aug 2024

ဩဂုတ် ၃၀ ရက်တွင် ပဲခူးတိုင်းက စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS 
ဩဂုတ် ၃၀ ရက်တွင် ပဲခူးတိုင်းက စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS 

DMG ၊ ဩဂုတ် ၃၁

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်နိုင်ရန် ပြည်သူများအပါအဝင် သက်ဆိုင်ရာအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်‌ကြောင်း စစ်ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ဩဂုတ်လ ၃၀ ရက်တွင် ပဲခူးတိုင်း စစ်ကောင်စီအဖွဲ့နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“မိမိတို့အနေနဲ့ ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် နယ်မြေခံ ရပ်မိရပ်ဖတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်” ဟု ဆိုသည်။ 

အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြေပြင်၌ အမှန်တကယ် ထိတွေ့နေရသည့် ပြည်သူများအပေါ် ကောင်းမွန်စွာ ဆက်ဆံဆောင်ရွက်ရန်လိုပြီး အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍ ပြည်သူ့လုံခြုံရေး စနစ်ကို ကျင့်သုံးပါက အမှုအခင်းများစွာ လျော့နည်းသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီသည် ဩဂုတ် ၁၆ ရက်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး စသည့် ဒေသအချို့တွင် စတင်အကောင် အထည်ဖော်နေကြောင်း သိရသည်။ 

စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေခြင်းမှာ အင်အားဆုတ်ယုတ်လာမှုကို မီးမောင်းထိုးပြနေခြင်းဟု နိုင်ငံရေးသမားများက ရှုမြင်ကြသည်။ 

“ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေတာက စစ်ကောင်စီဟာ တပ်သားအင်အား လိုအပ်ချက်များနေလို့ဖြစ်တယ်။ တပ်သားအဆုံးရှုံးများနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်း ထားတာနဲ့ မလုံလောက်လို့ အခုလို လုပ်ဆောင်နေတာဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ပြည်သူ့လုံခြုံရေးစနစ်သည် စစ်မှုထမ်းဥပဒေတွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်အထက် အမျိုးသားများကို တစ်လကြာ စစ်သင်တန်းပေးပြီး ရပ်ရွာ/ရပ်ကွက်များတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းမည့် စနစ်ဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။ 

နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးမှု၊ လက်နက်ချအညံ့ခံမှုများနှင့် တပ်စခန်းများ သိမ်းပိုက်ခံနေရမှု စသည့် အဖက်ဖက်တွင် စစ်ကောင်စီသည် အရှုံးနှင့် ရင်ဆိုင်နေရသည်။