- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသော်လည်း ပွဲလမ်းသဘင်များ ကျင်းပနေဆဲ
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသော်လည်း ကိုဗစ်စည်းကမ်းချက်များကို သွေဖယ်ကာ ဇာတ်ပွဲ၊ ဘောလုံးပွဲ၊ တရားပွဲ၊ တေးဂီတဖျော်ဖြေပွဲ စသည့်ပွဲလမ်းသဘင်များကို ပြုလုပ်လျက်ရှိနေကြဆဲဖြစ်သည်။
22 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသော်လည်း ကိုဗစ်စည်းကမ်းချက်များကို သွေဖယ်ကာ ဇာတ်ပွဲ၊ ဘောလုံးပွဲ၊ တရားပွဲ၊ တေးဂီတဖျော်ဖြေပွဲ စသည့်ပွဲလမ်းသဘင်များကို ပြုလုပ်လျက်ရှိနေကြဆဲဖြစ်သည်။
ပြည်နယ်တွင်း လူထုထောက်ခံမှုအများဆုံးဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ကလည်း လူစုလူဝေးများမပြုလုပ်ရန်၊ လူစုလူဝေးဖြစ်ပေါ်စေသော ပျော်ပွဲရွှင်ပွဲ၊ ဇာတ်ပွဲ၊ ရှင်ပြုပွဲ၊ တရားပွဲနေရာများသို့ အတတ်နိုင်ဆုံးသွားလာမှုမပြုလုပ်ရန်၊ ကိုယ်တိုင်လည်း လူစုလူဝေးဖြစ်အောင်မပြုလုပ်ရန် စသည့်စည်းကမ်းများကိုလိုက်နာရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အသိပေးထားသည်။
ရခိုင်အမျိုးသမီးရှေ့ဆောင်များအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက “လူတွေက ကြောက်တော့ကြောက်တယ်။ စိုးရိမ်တယ်။ ဒါပေမဲ့အလေးထားမှုအားနည်းတယ်။ ပြီးတော့ ပြည်သူတွေပိုပြီးသတိထားနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက အထူးသဖြင့် အသိပညာပေးတာတွေလုပ်ပေးဖို့လိုတယ်။ သတိမပေးရင် ပြည်သူတွေကပေါ့လျော့နေထိုင်ကြတယ်”ဟု ထောက်ပြသည်။
ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို မလိုက်နာလျှင် အရေးယူသင့်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် လူစုလူဝေးများဖြင့် ကပြဖျော်ဖြေရသည့် ဇာတ်သဘင်များလည်း ပြည်နယ်အနှံ့တွင်ဖျော်ဖြေလျက်ရှိနေပြီး AA နှင့် စစ်ကောင်စီဘက်ကလည်း ဇာတ်ပွဲရပ်တန့်ရန် တစ်စုံတစ်ရာညွှန်ကြားခြင်းမရှိသေးဟု ဇာတ်သဘင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“အခုလက်ရှိတော့ ပွဲကနေဆဲပါပဲ။ အရင်ခွင့်ပြုထားတဲ့ဟာတွေနဲ့ ကနေတယ်။ လောလောဆယ်ရပ်နားဖို့အတွက် ညွှန်ကြားထားတာတော့မရှိသေးဘူး။ သဘင်သည်မှာလည်း စားဝတ်နေရေးအခက်ခဲရှိတော့ ကကြရတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ဇာတ်သဘင်များသည် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏တိုက်ပွဲ၊ ကိုဗစ်ကူးစက်မှုမြင့်တက်မှုတို့ကြောင့် ၂၀၂၀ ခုနှစ်အထိ ရပ်နားခဲ့ရကာ ပြီးခဲ့သည့်နှစ်တွင်မှ ပြန်လည်ကပြဖျော်ဖြေနေခြင်းဖြစ်သည်။
လက်ရှိတွင် ကိုဗစ်ကူးစက်မှုပြန်လည်မြင့်တက်နေသောကြောင့် ဇာတ်ပွဲများကို ကပြခွင့်ရပ်တန့်လျှင် လက်ခံထားသည့်ပွဲများလည်း အများအပြားရှိသဖြင့် သဘင်လောကသားများအတွက် ထိခိုက်နစ်နာမှုများရှိလာမည်ဟု နောက်ထပ်ဇာတ်အဖွဲ့တစ်ခုမှ ဒါရိုက်တာတစ်ဦးက ပြောသည်။
“ဒီဇာတ်သဘင်အလုပ်ကို မှီခိုပြီးစားနေရတာလေ။ နောက်လက်ခံထားတဲ့ပွဲတွေကလည်း အများကြီးရှိတယ်။ ဘုရားပွဲ ၊ဒုံးပွဲတွေ အများကြီးလက်ခံထားတာရှိတယ်။ ရပ်နားလိုက်ရမယ်ဆိုရင်တော့ အခက်ခဲတွေအများကြီးရှိမယ်။ ပွဲရှင်တွေရော အနုပညာသမားတွေရောအခက်အခဲရှိမယ်”ဟု ၎င်းကဆိုသည်။
Stay At Home(ကိုယ့်အိမ်အတွင်းနေထိုင်ရန်)သတ်မှတ်ခြင်း၊ ပျော်ပွဲရွှင်ပွဲများနှင့် ပွဲလမ်းသဘင်များကျင်းပခြင်းအား လုံးဝရပ်တန့်ထားခြင်း၊ အသွားအလာများအား ပိုမိုတင်းကျပ်ခြင်းစသည်များကို ရောဂါပြင်းထန်မှုအခြေအနေများအပေါ်မူတည်၍ မတ်လ ၁ ရက်နေ့တွင် အသိပေးသွားမည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၅၅၇၉ ဦးရှိပြီး သေဆုံးသူ ၅၀၁ ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ ၄၈၉၈ ဦးရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။