- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြည်တွင်းစစ်မီး ဖြေရှင်းနိုင်ရေး စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အရေးကြီးကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်
၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယ၌ ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ ပြည့်ဝနိုင်ကြပါစေဟု နှစ်သစ်ကူးဆုမွန်ကောင်း တောင်းလိုက်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
02 Jan 2023
DMG ၊ ဇန်နဝါရီ ၂
လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအတွင်းနေထိုင်ကြသော မြန်မာပြည်သူများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီး လိုအပ်လျက်ရှိနေကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ ထုတ်ပြန်လိုက်သည်။
စည်းလုံးညီညွတ်မှုအား စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်ဆောင်နိုင်မှသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မည် ဖြစ်သောကြောင့် ယနေ့ကျရောက်သော နှစ်သစ်ကူးနေ့မှစ၍ ယခင်ထက် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ညီနောင်မဟာမိတ်(၃) ဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
နှစ်သစ်ကာလ အခါသမယတွင် မြန်မာပြည်သူလူထု တစ်ရပ်လုံးသည် နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြမည့်အစား စစ်ကောင်စီ၏ အာဏာသိမ်းသောလုပ်ရပ်နှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဆက်လက်ကျုးလွန်နေသော ၎င်းတို့၏လုပ်ရပ်များကြောင့် မြန်မာပြည်သူပြည်သား အများစုမှာ မိမိတို့၏ နေရပ်၊ အိုးအိမ်များနှင့် မြို့ရွာများကို စွန့်ခွာ၍ အသက်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပြီး စစ်ဘေးရှောင်များ ဘဝသို့ ကျရောက်ခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျုးလွန်နေမှုများကို စိုးရိမ်ကြောင့်ကြ၊ ပူဆွေးသောကများစွာဖြင့် ရင်ဆိုင်ဖြတ်ကျော်နေရဆဲ ဖြစ်သည်ဟုလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုများကြောင့် စစ်ဘေးဒဏ်သင့် မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ ယခုကဲ့သို့ ခံစားနေရသော ခံစားချက်များကို ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေဖြင့် ထပ်တူထပ်မျှ စာနာနားလည်ခံစားမိပြီး အပြည့်အဝ ကိုယ်ချင်းစာမိကြောင်းလည်း ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေဖြင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကို ရရှိထားပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းတချို့နှင့်လက်တွဲကာ မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘဝတူ မြန်မာပြည်သူ၊ ပြည်သူများကို အားပေးနှစ်သိမ့်ကာ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယ၌ ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ ပြည့်ဝနိုင်ကြပါစေဟု နှစ်သစ်ကူးဆုမွန်ကောင်း တောင်းလိုက်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
#R003