လူငယ်စာရေးဆရာ မင်းဒီပါအမှုတွင် ပြန်ခေါ်သက်သေအဖြစ် တရားလိုကိုစစ်ဆေး

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံထားရသည့် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါ၏အမှုကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

16 Dec 2021


DMG ၊ ဒီဇင်ဘာ ၁၆

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံထားရသည့် မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါ၏အမှုကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် အမှုမှ တရားလိုဖြစ်သူ မြောက်ဦးမြို့နယ်ရဲစခန်းမှဒုရဲမှူး စိုးတင်ကို ပြန်ခေါ်သက်သေအဖြစ်စစ်ဆေးခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းကပြောသည်။

“ဒီနေ့မှာ တရားလိုလည်းဖြစ်တယ်၊ အမှုစစ်ရဲအရာရှိ(IO)လည်းဖြစ်တဲ့ ဒုရဲမှူးစိုးတင်ကို ပြန်ခေါ်သက်သေအဖြစ်စစ်ဆေးခဲ့တယ်။ လာမယ့်ရုံးချိန်းမှာ မြောက်ဦးမြို့၊ လက်ကောက်ဈေးအုပ်ချုပ်ရေးမှူးကို
ပြန်ခေါ်သက်သေအဖြစ်စစ်ဆေးသွားမယ်”ဟု ဦးကျော်စိုးလင်းကပြောသည်။

လူငယ်စာရေးဆရာမင်းဒီပါမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ၎င်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကို ငွေကြေးထောက်ပံ့သည့်ဆိုသည့်စွပ်စွဲချက်ဖြင့်
မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်ကတရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည)ဖြင့် တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ပြီးနောက် လူငယ်စာရေးဆရာမင်းဒီပါကို စွဲဆိုထားသည့်အမှုနှင့်ပတ်သက်မှုရှိသည်ဟုဆိုကာ တရားရုံးက စွဲချက်တင်ခဲ့သည်။

လူငယ်စာရေးဆရာမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က “ဒါတွေက စွပ်စွဲချက်သာဖြစ်တယ်။ အမှန်တကယ်ပတ်သက်မှု မရှိဘူး”ဟု ပြောသည်။

အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရန်အတွက် လာမည့်ဒီဇင်ဘာလ ၂၃ ရက်နေ့ကို ရုံးချိန်းထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဌဖြစ်သည့် ကိုမင်းကိုဦးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ထားသည်။

ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်မှုရှိသည်ဆိုသော သံသယနှင့်ဖမ်းဆီးခံထားရသူ လက်ရှိတွင် ၉ ဦးအထိ ရှိလာနေပြီဖြစ်သည်။