အာဏာသိမ်းမှုကြောင့် ပြည်သူများဒုက္ခရောက်ရခြင်းဟု RCSS ပြော

ရှမ်းမြောက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှု၊ သေဆုံးဒဏ်ရာရမှုနှင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုတို့ အတိဒုက္ခရောက်နေရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း RCSS က ဆိုသည်။

By Admin 29 Jul 2024

၂၀၂၂ ခုနှစ် မေလက နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်။ 
၂၀၂၂ ခုနှစ် မေလက နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်။ 

DMG ၊ ဇူလိုင် ၂၉

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော်အတွင်း တိုင်းပြည်အနှံ့တွင် တိုက်ပွဲများစဥ်ဆက်မပြတ် ကြုံနေရပြီး ပြည်သူသေဆုံးရခြင်း၊ အိုးအိမ်ပစ္စည်းပျက်စီးရခြင်း၊ စစ်ဘေးရှောင်ရခြင်း စသည့်ဒုက္ခမျိုးစုံကို မြန်မာပြည်သူများ ခံစားနေရကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ပြောဆိုလိုက်သည်။ 

ယနေ့ထုတ်ပြန်သည့် RCSS ၏ ၂၀၂၄ ခုနှစ် ၆ လပတ်အစည်းအဝေး ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။ 

လက်ရှိ ရှမ်းမြောက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှု၊ သေဆုံးဒဏ်ရာရမှုနှင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်း တို့ကြောင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အို တို့သည်လည်း အတိဒုက္ခရောက်နေရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း RCSS က ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆွေးနွေးအဖြေရှာကြရန် RCSS က တိုက်တွန်းထားသည်။

ယင်းအပြင် RCSS အနေဖြင့် ရှမ်းပြည်တောင်ပိုင်း တည်ငြိမ်ရေးကို ပြည်သူနှင့်အတူ ကာကွယ်စောင့်သွားမည်ဟု ဆိုထားသည်။ 

ရှမ်းလက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် အဖွဲ့လည်းဖြစ်သည်။