ရမ်းဗြဲမြို့ ပြန်လည်ထူထောင်ရေး ဒေသခံများကြိုးပမ်းနေ 

ရမ်းဗြဲမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များနှင့် အသင်းအဖွဲ့များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းနေကြခြင်းဖြစ်သည်။ 

By Admin 20 Jun 2024

တိုက်ပွဲကြားပျက်စီးသွားသည့် ရမ်းဗြဲမြို့အခြေအနေကို ပြီးခဲ့သည့် မေလအတွင်းက တွေ့ရစဉ်။ 
တိုက်ပွဲကြားပျက်စီးသွားသည့် ရမ်းဗြဲမြို့အခြေအနေကို ပြီးခဲ့သည့် မေလအတွင်းက တွေ့ရစဉ်။ 

DMG ၊ ဇွန် ၂၀ 

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်ရန် ဒေသခံများက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။ 

ရမ်းဗြဲမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များနှင့် အသင်းအဖွဲ့များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းနေကြခြင်းဖြစ်သည်။ 

ရမ်းဗြဲမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့ရှိ နေအိမ်၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည်။ 

“ရခိုင်မှာစစ်ဖြစ်နေလို့ စစ်ပွဲကိုချည်းပဲ အာရုံစိုက်ပြီး ဘာမှဆက်မလုပ်ဘဲနေရင် ပြည်သူတွေ ပိုဒုက္ခရောက်မယ်လေ။ တစ်ဘက်မှာ စစ်ဖြစ်နေရင် တစ်ဘက်က ပြန်လည်ထူထောင်ရေးကို စလုပ်တာ ပိုကောင်းတာပေါ့” ဟု ရမ်းဗြဲမြို့မှ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ 

တိုက်ပွဲကြားပျက်စီးသွားသည့် ရမ်းဗြဲမြို့အခြေအနေကို ပြီးခဲ့သည့် မေလအတွင်းက တွေ့ရစဉ်။

ရမ်းဗြဲမြို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်ပြီး နောက်ပိုင်းတွင်လည်း စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေ၍ ဒေသခံများမှာ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြရဆဲဖြစ်သည်။ 

AA သိမ်းပိုက်ထားသည့် ဒေသများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို စနစ်တကျရေးဆွဲကာ စီမံဆောင်ရွက်နေသည်ဟု ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့သည်။ 

လက်ရှိစစ်ရေးကာလအတွင်း အာရက္ခတပ်တော်သည်  ရခိုင်မှ မြို့နယ် ၉ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ လက်ရှိတွင်လည်း မောင်တောမြို့ကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။