ဧရာဝတီတိုင်းမှ ဂွမြို့နယ်သို့ ဆန်သယ်ယူခွင့် ကန့်သတ်ထား၍ ဒေသခံများအခက်ခဲဖြစ်

ဂွမြို့နယ်သို့ဝင်ရောက်ရာ ရခိုင်ရိုးမတောင်ကျော်လမ်းတွင် စစ်ကောင်စီ၏ ရေနံ့သာဂိတ်၊ ဒေါင့်ချောင်းဂိတ်၊ ကုန်းပြင်ဂိတ်၊ ဗောဓိဂိတ်၊ ဗေဒါဂိတ် များအပြင် မိုင် ၂၀ တပ်၊ အမြှောက်တပ်စစ်ဆေးရေးဂိတ်များ ရှိနေသည်။

By Admin 31 Jul 2024

ဂွ - ဧရာဝတီ လမ်းပေါရှိ စစ်ကောင်စီ၏ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်။ ဓာတ်ပုံ - Ayeyarwaddy Times
ဂွ - ဧရာဝတီ လမ်းပေါရှိ စစ်ကောင်စီ၏ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်။ ဓာတ်ပုံ - Ayeyarwaddy Times

DMG ၊ ဇူလိုင် ၃၁

ရခိုင်ပြည်၊ ဂွမြို့နယ်သို့ ဧရာဝတီတိုင်းကနေ “လူတစ်ဦးလျှင် ဆန် ၁၀ ပြည်ထက် ပိုမသယ်ရ” ဟု စစ်ကောင်စီက ကန့်သတ်ထားသဖြင့် ဂွဒေသခံများမှာ ဆန်ရိက္ခာ အခက်အခဲဖြစ်နေကြသည်။

ဂွမြို့နယ်သို့ဝင်ရောက်ရာ ရခိုင်ရိုးမတောင်ကျော်လမ်းတွင် စစ်ကောင်စီ၏ ရေနံ့သာဂိတ်၊ ဒေါင့်ချောင်းဂိတ်၊ ကုန်းပြင်ဂိတ်၊ ဗောဓိဂိတ်၊ ဗေဒါဂိတ် များအပြင် မိုင် ၂၀ တပ်၊ အမြှောက်တပ်စစ်ဆေးရေးဂိတ်များ ရှိနေသည်။

သတ်မှတ်ဆန်ထက် ပိုသယ်ယူသည်ကို တွေ့ရှိပါက အဆိုပါစစ်ဆေးရေးဂိတ်များက ဒဏ်ကြေးပေးခိုင်းခြင်း၊ ပိုသည့်ဆန်များကို သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“သူတို့က စစ်ရင် လူကို အဓိက စစ်တာမဟုတ်ဘူး။ ကုန်ပစ္စည်းကိုပဲ အဓိကစစ်တာ။ သူတို့ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုရင် ဖမ်းတယ်။ ဒဏ်ကြေးဆောင်ခိုင်းတယ်” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

ဂွဒေသခံများမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး လယ်မြေဧရိယာနည်းပါးသဖြင့် စားသုံးရန်ဆန်များကို ဧရာဝတီတိုင်းမှ အများဆုံး ဝယ်ယူစားသုံးကြကြောင်း သိရသည်။

ဂွဒေသခံ အမျိုးသမီးတစ်ဦးက “အစပိုင်းကတော့ ဆန် ၁၀ ပြည်ထက် အပိုသယ်ပြီး ဂိတ်တွေဖြတ်ရင် လက်ဖက်ရည်ဖိုးဆိုပြီး အနည်းဆုံး ငွေငါးထောင်တောင်းတာရှိတယ်။ အခုတော့ မရတော့ဘူး။ ဆန်တွေကို ခွဲပြီးသယ်နေကြရတော့ ဂိတ်ဖြတ်ခနဲ့တင် လူတွေမွဲကြတော့မယ်။ ကုန်ပစ္စည်းမသယ်ရပြောထားတာကို ခိုးသယ်လို့ဆိုပြီး ရွာလူကြီးကိုယ်တိုင် ဂိတ်တွေဆီမှာ သွားအပ်တာရှိတယ်။ ဂိတ်ကလည်း ဒီလူတွေကို ဒူးထောက်ခိုင်းပြီး စစ်ဖိနပ်နဲ့ တက်နင်း၊ မညှာမတာရိုက်ပြီး သေနတ်နဲ့ထုထောင်းတာရှိတယ်” ဟု ပြောသည်။

ဆန်သယ်ယူခွင့် ပိတ်ပင်ခံထားရခြင်းကြောင့် ဂွမြို့နယ်တွင် ဆန်ဈေးမြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ဇွန်လအတွင်း ဆန်တစ်ပြည်ကို ၁၀,၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ဇူလိုင်လကုန်တွင် ၂၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်။ 

ဂွမြို့နယ်တွင် သံတွဲတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသည့် စစ်ဘေးရှောင် အများအပြားရှိနေပြီး ဆန်ဈေးမြင့်တက်မှုကြောင့် အခက်ကြုံနေကြရသည်။ 

“ငါးဖမ်းလို့လည်း မရ၊ အလုပ်အကိုင်လည်းရှားတဲ့အထဲ ဆန်ဈေးပါမြင့်တက်လာတော့ လက်လုပ်လက်စားတွေ အတွက် ဘယ်လိုမအဆင်မပြေဘူး။ အခုတောင် စားစရာအနိုင်နိုင်၊ နောက်ဆိုရင် ငတ်ပါငတ်တော့မယ်” ဟု ဂွဒေသခံ ရေလုပ်သားတစ်ဦးက ပြောသည်။

တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ကာ သွားလာခွင့်ကန့်သတ်ထားခြင်း ဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီက ဂွအခြေစိုက် ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းများတွင် လက်နက်အင်အား၊ လူအင်အား တိုးချဲ့ထားပြီး၊ ဒေသခံများမှာလည်း စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်နေမှုကြောင့် နေရပ်စွန့်ခွာမှုများ ရှိလာသည်။