ရခိုင်တွင် ဘောလုံးသမားကောင်းများ ပေါ်ထွန်းလာစေရန် ရခိုင်ယူနိုက်တက်မှ အလွတ်တန်းဘောလုံးပြိုင်ပွဲ ပြုလုပ်မည်

ရခိုင်ပြည်တွင် ဘောလုံး ကစားသမားကောင်းများ ပေါ်ထွန်းလာရန်အတွက် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းမှ ကြီးမှူးပြီး ယခုနှစ် မတ်လအတွင်း Rakhine National league အလွတ်တန်းပြိုင်ပွဲကို စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄

ရခိုင်ပြည်တွင် ဘောလုံး ကစားသမားကောင်းများ ပေါ်ထွန်းလာရန်အတွက် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းမှ ကြီးမှူးပြီး ယခုနှစ် မတ်လအတွင်း Rakhine National league အလွတ်တန်းပြိုင်ပွဲကို စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ရခိုင်ကမြို့နယ်တိုင်းမှ အသင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းမှ ကြီးမှူးကာ ကျင်းပခြင်းဖြစ်သည်ဟု Rakhine National league ကျင်းပရေးကော်မတီ ဥက္ကဌ ကိုသန်းလှိုင်က DMG သို့ပြောသည်။

“ ရခိုင်ပြည်မှာရှိတဲ့ ဘောလုံး ဝါသနာရှင်တွေ အများကြီး ပေါ်ထွက်လာဖို့ မျှော်လင့်တယ်။ အရင် ၂၀၁၂ နောက် ပိုင်းမှာ အခုလိုပြိုင်ပွဲတွေ မရှိခဲ့တော့ ကစားသမားလေးတွေ မထွက်လာဘူး။ ပြိုင်ပွဲတွေရှိမှပဲ ကစား သမား ကောင်းတွေ ပေါ်ထွက်လာ မှာလေ။ ဒါကြောင့် အခု ဒီပြိုင်ပွဲကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်သွားမယ်လို့ မျှော်လင့်ထားတယ်” ဟု ကိုသန်းလှိုင်က ပြောသည်။

အဆိုပါ ပြိုင်ပွဲကို ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည် စတင်ပြုလုပ်ရန်စီစဉ်ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ် သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀၊ တတိယဆု သိန်း၂၀၊ စတုတ္ထဆု သိန်း ၁၀ တို့အား ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၂ခုနစ်နောက်ပိုင်း လောက်ကစပြီး အလွတ်တန်း ဘောလုံးပွဲ မကျင်းပဖြစ်တာကြာပြီ။ လုံခြုံရေးကြောင့်၊ အစစအရာရာ မပြည့်စုံတဲ့ အကြောင်းအရင်းတို့နဲ့ မလုပ်ဖြစ်တာပေါ့လေ။ မြို့နယ်တိုင်းက ကလပ်တိုင်းပါ ဝင်ယှဉ်ပြိုင်ကြဖို့မျှော်လင့်တယ်။ အခက်အခဲရှိတဲ့ တချို့မြို့နယ်တွေကိုလည်း လမ်းစရိတ်တို့ဖြည့်စည်းပေးဖို့ လျာထားတာရှိတယ်” ဟု ကိုသန်းလှိုင်က ရှင်းပြသည်။

ယခုကဲ့ သို့ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ငွေကြေးအခက်အခဲတစ်ချို့နှင့်၊ ဒိုင်လူကြီးများ၊ ထရိန်နင် (Training) ဆင်းရန်ကွင်းလိုအပ်မှုများရှိနေသည့်အတွက် ရခိုင်စီးပွားရေးလုပ်ငန်းရှင်များထံမှ အကူအညီပေးပါက ပြိုင်ပွဲများ ဆက်တိုက်ကျင်းပနိုင်မည်ဟုလည်း Rakhine National league တာဝန်ရှိသူတို့က ပြောဆိုကြသည်။

အဆိုပါ ပြိုင်ပွဲအတွက် အသင်းစာရင်းများကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ လက်ခံ မည်ဖြစ်ပြီး ကစားသမား Form များ ထုတ်ယူမည့်နေရာများမှာ ဝေသာလီအားကစားကွင်းရှိ ရခိုင်ယူနိုက်ဘောလုံး အသင်းရုံးနှင့် အာရှအားမာန် ဗီနိုင်းဆိုင်တို့ဖြစ်ကြပြီး ၀၉၂၅၅၈၇၅၉၅၈ ၊ ၀၉၄၄၇၃၆၇၇၂၂ တို့ကိုလည်း ဆက်သွယ် နိုင်ကြောင်း သိရသည်။