ကျောက်ဖြူ ရေနံဒွိန်ကျေးရွာတွင် ချောင်းပိတ်ဆို့၍ရေနစ်မြုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက စိစစ်ပြီး လုပ်ဆောင်ပေးမည်ဟုဆို

ကျောက်ဖြူမြို့နယ်၊ မန်းရပ်အုပ်စု၊ ရေနံဒွိန်ကျေးရွာချောင်းမှာ တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာသောကြောင့် မိုးရာသီရောက်လျှင် နှစ်စဉ် ရေနစ်မြုပ်မှုနှင့်ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။

09 Jun 2022

ဇွန်လ ၇ ရက်နေ့က ရေနံဒွိန်ကျေးရွာအတွင်းသို့ ချောင်းရေဝင်ရောက်လာစဉ်။ (ဓာတ်ပုံ- စိုးမင်းနိုင်)

DMG ၊ ဇွန် ၉

ကျောက်ဖြူမြို့နယ်၊ မန်းရပ်အုပ်စု၊ ရေနံဒွိန်ကျေးရွာချောင်းမှာ တစ်နှစ်ထက်တစ်နှစ် တိမ်ကောလာသောကြောင့် မိုးရာသီရောက်လျှင် နှစ်စဉ် ရေနစ်မြုပ်မှုနှင့်ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။

ဇွန်လ ၇ ရက်နေ့က မိုးရွာသွန်းမှုကြောင့် အိမ်ခြေ ၂၅၀ နီးပါးရှိသည့် အဆိုပါကျေးရွာတွင် ရေ ငါးပေခန့် တက်ရောက်ခဲ့သောကြောင့် နေအိမ် ၂၀၀ ခန့် ရေမြုပ်သွားကာ စပါး တင်း ၁၅၀ ကျော်နှင့် လူသုံးကုန်ပစ္စည်းများ ရေနစ်မြုပ်ဆုံးရှုံးသွားသည်ဟု ဒေသခံ ဒေါ်သောင်းမက ပြောသည်။

 “အဲဒီနေ့က မိုးက မနက် ၂ နာရီလောက် စပြီးရွာတယ်။ နည်းနည်း အများရွာတော့ ညနေဆိုတာနဲ့ ရေက ၅ ပေနီးပါးလောက် တက်လာတယ်။ အိမ်မှာ ထားတဲ့ ဆန်တွေ၊ စပါးတွေ၊ အကုန်မြုပ်ကြတယ်။ လျှပ်စစ်မီးဖိုတွေ အကုန်ပျက်စီးတယ်။ တစ်ခါမှ ဒီလောက်ရေမတက်ဖူးဘူး” ဟု သူမကဆိုသည်။

ယခင်က ရေနစ်မြုပ်မှု ရှိခဲ့သည်ဆိုသော်လည်း ယခုကဲ့သို့ ၅ ပေခန့်ထိ ရေတက်ခြင်း တစ်ကြိမ်တစ်ခါမှ မကြုံဖူးသေးကြောင်း သူကမဆက်ပြောသည်။

အဆိုပါချောင်းသည် ရွာလယ်တွင်ရှိပြီး အကျယ် ၁၅ ပေရှိသည်။ တောင်မှ စီးဆင်းလာသည့်ရေများသည် ယင်းချောင်းအတိုင်း မြစ်ကိုဖြတ်သန်းကြပြီး လက်ရှိတွင် ချောင်းတိမ်ကောမှုကြောင့် ထိုသို့ရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး အစိုးရအနေဖြင့် တူးဖော်ခြင်းများ လုပ်ဆောင်ပေးပါက ရေနစ်မြုပ်ခြင်းမှ ကင်းဝေး နိုင်မည်ဖြစ်ကြောင်း ဒေသခံ ဦးစိုးမင်းနိုင်က ပြောသည်။

"ကျေးရွာ အတွင်းက ချောင်းက ရွာကလူတွေ စည်းကမ်းမရှိပစ်တဲ့ အမှိုက်ကြောင့် တစ်နှစ်ထက်တစ်နှစ် ချောင်းတိမ်လာတော့ ရွာလိုက်တဲ့ မိုးရဲ့ ရေကသွားမယ့်လမ်း မရှိတော့ဘူး။ အဲဒါကြောင့် ရေကရွာဖက်ကို ပြန်ပြီးလှည့်တက်လာတာ။ ချောင်းကိုသာ သေသေချာချာပြန်တူးဖော်ပေးမယ်ဆိုရင် ရွာကို ရေနစ်မြုပ်စရာ အကြောင်းမရှိဘူး” ဟု သူကဆိုသည်။

ကျေးရွာအတွင်း ရေနစ်မြုပ်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိသော်လည်း ဝက်များသေဆုံးမှုရှိခဲ့ကာ သောက်သုံးရေကန်ကိုလည်း ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် သောက်သုံးရေအခက်အခဲရှိကြောင်း ဒေသခံများထံက သိရသည်။

ရေနံဒွိန်ကျေးရွာ ရေနစ်မြုပ်ခြင်းကို ကျေးရွာတာဝန်ခံက တင်ပြလာခြင်းမရှိသေးသောကြောင့် မသိရှိသေးကြောင်းနှင့် ဒေသခံများတင်ပြလာပါက ချောင်းတူးဖော်ရေးကိစ္စအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြမည်ဟု မန်းရပ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ခင်သန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက “ချောင်းကို လိုအပ်တာလေး စိစစ်နေတယ်။ ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာကို စိစစ်ပြီးတဲ့အခါမှ ဘယ်လောက်ကုန်မယ်ဆိုတာကို တင်ပြပြီး လုပ်ဆောင်သွားဖို့စီစဉ်နေတယ်” ဟု ဆိုသည်။

မိုးဦးရာသီတွင် ယခုကဲ့သို့ ရေစတင်နစ်မြုပ်နေသဖြင့် မိုးလယ်အချိန်တွင် ယခုထက်ပိုမိုနစ်မြုပ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ ရခိုင်ပြည်တွင် နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပေါ်တတ်ပြီး လယ်ယာမြေများ ပျက်စီးခြင်း၊ လူထိခိုက်မှုများ ရှိခဲ့သည်။