- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရှေးခေတ်ရခိုင်မူအတိုင်းပြုလုပ်နေခြင်းကြောင့် မဟာမုနိဘုရားသိမ်တော်တိုင်များပြုပြင်ဆောက်လုပ်မှု အနည်းငယ်ကြန့်ကြာနေဟုဆို
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား သိမ်တော်တိုင်များကိုပြုပြင်ဆောက်လုပ်ရာတွင် ရှေးခေတ်ရခိုင်မူအတိုင်း ကနုတ်ပန်း၊ ရုပ်ထုများဖြင့် ပြန်လည်ဆောက်လုပ်နေရခြင်းကြောင့် အချိန်အနည်းငယ်ကြန့်ကြာနေခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
23 Oct 2021
DMG ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား သိမ်တော်တိုင်များကိုပြုပြင်ဆောက်လုပ်ရာတွင် ရှေးခေတ်ရခိုင်မူအတိုင်း ကနုတ်ပန်း၊ ရုပ်ထုများဖြင့် ပြန်လည်ဆောက်လုပ်နေရခြင်းကြောင့် အချိန်အနည်းငယ်ကြန့်ကြာနေခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ယခင်က သိမ်တော်တိုင်များအားပြုလုပ်ရန် အချိန်တစ်နှစ်ခန့်သာကြာမည်ဟု ခန့်မှန်းခဲ့သော်လည်း ရှေးခေတ်ရခိုင်မူအတိုင်း ဆောက်လုပ်နေခြင်းကြောင့် လက်ရှိမှာ ၃၀ ရာခိုင်နှုန်းကျော်ခန့်သာ ပြီးစီးသေးကြောင်း သိရသည်။
မဟာမုနိဘုရားသိမ်တော်တိုင်များမှာ နှစ်ပေါင်း ၃၀ ခန့်ကြာမြင့်နေပြီဖြစ်ပြီး ယခုအခါ သိမ်တိုင်အောက်ခြေများ ဆွေးမြေ့လာနေ သလို ဘုရားဖူးခရီးသည်များအား အန္တရာယ်မဖြစ်စေရန်နှင့် သိမ်တိုင်များခိုင်ခံ့မှုရှိစေရန် ပြန်လည်ပြုပြင်နေခြင်းဖြစ်ကြောင်း မဟာမုနိဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသာလှအောင်ကပြောသည်။
“ကြန့်ကြာနေတာကတော့ ပန်းရံဆရာတွေက ရခိုင်အနုပညာတွေနဲ့ လွဲသွားမှာကြောက်တယ်။ နောက်ပြီးတော့ ပစ္စည်းတွေက မရောက်သေးလို့ ကြန့်ကြာနေတာပါ။ မြောက်ဦးဆရာတော်ကြီးရောက်မှပဲ လုပ်ဖို့စဉ်စားထားတယ်၊ တစ်ခုခုလွဲသွားရင် မကောင်းဘူးလေ“ဟု ၎င်းကဆိုသည်။
လက်ရှိမှာ သိမ်တော်ကြီးအလယ်အဆောင်မှတိုင်များ၊ အနောက်ဖက်အာရုံခံဆောင်မှတိုင်များအပါအဝင် စုစုပေါင်း ၄၈ လုံးကို သံတိုင်ထူထားပြီး အကြမ်းထည်ပြီးစီနေပြီဖြစ်ကြောင်း သိရသည်။
မဟာမုနိဘုရားရင်ပြင်မှ သိမ်တိုင် ၂၈ လုံး၊ နံရံကပ်တိုင် ၂၀ လုံး၊ အနောက်ဖက်အာရုံခံဆောင်တွင် ၂၄ လုံး၊ တောင်ဖက်အာရုံခံဆောင်တွင် ၈ လုံး၊ မြောက်ဖက်အာရုံခံဆောင်တွင် ၈ လုံး၊ အရှေ့ဖက်အာရုံခံဆောင်တွင် ၃၂ လုံးတို့ကို ပြုပြင်မွန်းမံနေကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
လက်ရှိလုပ်ဆောင်နေသည့်သိမ်တော်တိုင်များမှာ နှစ်ပေါင်းများစွာခိုင်ခံ့အောင်လုပ်ဆောင်ထားခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးရန်အချိန် ၃ နှစ်ခန့်ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားကြောင်းလည်း ဦးသာလှအောင်ကဆက်ပြောသည်။
“တိုင်တွေအကုန်လုံးပြီးစီးဖို့ကတော့ အနည်းဆုံး နှစ်နစ်ကျော်လောက်အချိန်ယူရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ရတာ အရမ်းလက်ဝင်တယ်လေ။ တိုင်တစ်တိုင်ကို ပြုပြင်ရတာတောင် မနည်းကြာတယ်။ အကုန်လုံးပြီးစီးအောင်လုပ်မယ်ဆိုတော့ ကြာဦးမယ်“ဟု ၎င်းကဆိုသည်။
အဆိုပါ သိမ်တော်တိုင်များကို မြောက်ဦးမြို့ ရတနာ့မာန်အောင် ဆရာတော်ကြီး အရှင်ဝါယာမိန္ဒမှဦးဆောင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြင်ပအလှူရှင်များအနေဖြင့် ရတနာ့မာန်အောင်ဆရာတော်ကြီးနှင့် ဆက်သွယ်လှူဒါန်းနိုင်သလို တခြားအလှူရှင်များအနေဖြင့်လည်း အုတ်တချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်လှူဒါန်း၍ရကြောင်း ဂေါပကအဖွဲ့မှ မေတ္တာရပ်ခံတိုက်တွန်းထားသည်။