ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမြာက်အများ ဘေးလွတ်ရာသို့ထွက်ပြေး

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးတွင် ယနေ့(အောက်တိုဘာလ ၂၆ ရက်) ညနေ ၄ နာရီခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By Admin 26 Oct 2022

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမြာက်အများ ဘေးလွတ်ရာသို့ထွက်ပြေး

Photo - AA Info Desk

DMG ၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးတွင် ယနေ့(အောက်တိုဘာလ ၂၆ ရက်) ညနေ ၄ နာရီခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမှာ ချိန်ခါလီကျေးရွာ၏ မြောက်ဘက်တွင်ရှိသော နယ်ခြားစောင့်ရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာနေရာသို့ မေယုတောင်တန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျေးရွာသားစုစုပေါင်း ၇၀၀ ဦးခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ချိန်ခါလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင့်စိုးက DMG သို့ပြောသည်။

“ဒီနေ့ညနေပိုင်းက ကျနော်တို့ရွာရဲ့မြောက်ဘက် ရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အတွက် မေယုတောင်တန်းကနေပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တယ်။ ရွာမှာ ရွာသားတွေ သေလား၊ ရှင်လားတောင်မသိခဲ့ဘူး။ တောင်ပေါ်ကို ပြေးသူပြေး၊ ကိုးတန်ကောက်၊ အင်းဒင်ကို ပြေးသူပြေးနဲ့ ကျနော်တို့လည်း အခုတောင်ပေါ်ကို မိသားစုနဲ့ ဝင်ပြေးရတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

မေယုတောင်တန်းပေါ်ရှိ မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များ ကျယ်ကျယ်လောင်လောင်ကြားရကြောင်း အနီးပတ်ဝန်းကျင် ဒုံးပိုက်ကျေးရွာမှ ရွာလူကြီးတစ်ဦးကပြောသည်။

“ကျနော်တို့ ရွာမှာက ထွက်ပြေးတာတွေ မရှိပါဘူး။ အခုတိုက်ပွဲဖြစ်နေတာက ချိန်ခါလီရွာ နယ်ခြားစောင့်ရဲစခန်းနားမှာဖြစ်တယ်လို့ သိရတယ်။ ချိန်ခါလီရွာသားတွေတောင် ကျနော်တို့ရွာကို ရောက်နေတယ်။ တိုက်ပွဲကတော့ သိပ်မကြာပါဘူး၊ မိနစ် ၂၀ လောက်ပဲဖြစ်ခဲ့တာပါ”ဟု ၎င်းကဆိုသည်။

ယနေ့တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီနေ့ညနေ ၄ နာရီလောက်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာရဲ့ မြောက်ဖက် မီတာ ၃၀၀ လောက်အကွာမှာ ထိတွေ့မှု ဖြစ်တာရှိတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူး။ ရဲစခန်း သိမ်းပိုက်တိုက်ခိုက်တာတော့ မဟုတ်ဘူး။ နခခ(၄)လက်အောက်ခံ ချိန်ခါလီစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာပါ”ဟု ပြောသည်။

ယင်းတိုက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတစ်နေရာတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုကြောင့် သုံးလတာကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့သည်။ ယခင်နှင့် လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် ထွက်ပြေးရသူ စုစုပေါင်း ၉၀၀၀၀ ကျော် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။