မွန်တွင် သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံရမှု သတင်းစာဆရာများ ရှုတ်ချ 

အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူ တို့နှစ်ဦးမှာ ဩဂုတ် ၂၁ ရက်က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ ကိုထက်မြတ်သူ၏ နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီက ဝင်ရောက်ပစ်သတ်ခဲ့သည်။ 

By Admin 23 Aug 2024

စစ်ကောင်စီက သတ်ဖြတ်ခဲ့သော အလွတ်တန်းသတင်းထောက်နှစ်ဦး။  
စစ်ကောင်စီက သတ်ဖြတ်ခဲ့သော အလွတ်တန်းသတင်းထောက်နှစ်ဦး။  

DMG ၊ ဩဂုတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီက အလွတ်တန်း သတင်းထောက်နှစ်ဦးအား သတ်ဖြတ်ပြီး လက်နက်ကိုင်အဖြစ်ပုံဖော်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) မှ ယနေ့ထုတ်ပြန်သည်။ 

အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူ တို့နှစ်ဦးမှာ ဩဂုတ် ၂၁ ရက်က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ ကိုထက်မြတ်သူ၏ နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီက ဝင်ရောက်ပစ်သတ်ခဲ့သည်။ 

ကိုဝင်းထွဋ်ဦးမှာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသဖြင့် ကိုထက်မြတ်သူနေအိမ်တွင် လျှို့ဝှက်နေထိုင်ကာ သတင်းအလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်သည်။ ကိုထက်မြတ်သူမှာလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်မှလွတ်လာပြီးနောက် သတင်းအလုပ်ကို လျှို့ဝှက်လုပ်ကိုင်နေသူသည်။

၎င်းတို့နှစ်ဦးပစ်သတ်ခံရစဉ် နေအိမ်တွင် ရောက်ရှိနေသော ဒေသခံတစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း IMJA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့မှာ သတင်းထောက်များ မဟုတ်ဘဲ လက်နက်ကိုင်များဟု ပုံဖော်ဝါဒဖြန့် ရေးသားထားကြသည်။ 

“စစ်ကောင်စီဟာ အာဏာသိမ်းဖြစ်စဉ် အစောပိုင်းကာလ လက်နက်ကိုင်တော်လှန်ရေး အားမကောင်းသေးချိန်ကပင် သတင်းသမားတွေကို ဖမ်းဆီးရာမှာ လက်နက်နဲ့တကွ ဖမ်းဆီးမိတယ်လို့ ဝါဒဖြန့်မှု အကြိမ်ကြိမ်လုပ်ခဲ့တယ်” ဟု IMJA က ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာအခန်းကဏ္ဍ မှေးမှိန်သွားပြီး စစ်ကောင်စီက သတင်းမီဒီယာများကို နည်းမျိုးစုံဖြင့် ဖိနှိပ်ထားသောကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေရသည်။ 

လွတ်လပ်သော သတင်းမီဒီယာအခန်းကဏ္ဍသည် အနှောင့်အယှက်များစွာနှင့် ကြုံနေရပြီး သတင်းသမားများမှာ သတင်းအလုပ်ကိုလုပ်ကိုင်ရင်း ဖမ်းဆီးခံရကာ နှစ်ရှည်ထောင်ဒဏ်ခံရမှု၊ သတ်ဖြတ်ခံရမှုများ ရှိနေသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်ထိ သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး ၁၇၇ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

“အဖက်ဖက်က စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ မြေပြင်သတင်းမှန် တင်ဆက်နေသူတွေကို အမုန်းထားတယ်။ ဒါကြောင့် သတင်းသမားတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်တယ်။ စစ်ကောင်စီရဲ့ မြေပြင်အကြမ်းဖက်မှု လုပ်ငန်းစဉ်တွေကို အမှန်တရားအတိုင်း မပြောနိုင်အောင် လုပ်တာဖြစ်တယ်။ ဒီလုပ်ရပ်တွေကို နိုင်ငံတကာက စောင့်ကြည့်ပြီး အရေးယူဖို့လိုတယ်” ဟု ရခိုင်က ဝါရင့်သတင်းသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် သတင်းသမားများအပေါ် သတ်ဖြတ်မှု၊ ပစ်မှတ်ထားဖမ်းဆီးမှုများကို ရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် IMJA က တိုက်တွန်းထားသည်။ 

သတင်းသမားများကို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချနေသော စစ်ကောင်စီကို နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ထိထိရောက်ရောက် ဖိအားပေးကန့်ကွက်ပြီး အရေးယူမှုများ ပြုလုပ်ကြရန်လည်း IMJA က တောင်းဆိုထားသည်။