- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် ကျုးကျော်များကို ဖယ်ရှားရဲခြင်းဖြစ်သည်ဟု စစ်ကောင်စီပြော
ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် ကျုးကျော်များကို ဖယ်ရှားရဲခြင်းဖြစ်သည်ဟု နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(မတ်လ ၂၄ ရက်)တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
24 Mar 2022
DMG ၊ မတ် ၂၄
ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် ကျုးကျော်များကို ဖယ်ရှားရဲခြင်းဖြစ်သည်ဟု နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(မတ်လ ၂၄ ရက်)တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေးအတွက် ကျုးကျော်များကို အဓိကဖယ်ရှားဆောင်ရွက်ရခြင်းဖြစ်ပြီး အချို့ကျုးကျော်များမှာ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ထိခိုက်စရာအကြောင်းအရင်းများဖြစ်ပေါ်လာသည့်အတွက် ထိုသို့ဖယ်ရှားဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“အခုအချိန်မှာ ဘာဖြစ်လို့ရှင်းရတာလဲဆိုရင် တစ်လုံးတည်းနဲ့ဖြေရရင် နိုင်ငံရေးအစိုးရမဟုတ်တဲ့အတွက် ရှင်းရဲတာလို့ပြောရမယ်။ နိုင်ငံရေးအစိုးရဆိုတာ မရှင်းရဲဘူး။ နိုင်ငံရေးအစိုးရဆိုတာ မဲပေးပြီးမှကောက်ပြီး တက်လာတဲ့အစိုးရတိုင်းဟာ ကျုးကျော်နဲ့ပတ်သက်လို့ အကုန်လိုက်ရှောင်တာပဲ။ အဲဒါလည်း သူတို့အပြစ်လို့ပြောလို့မရဘူး။ သူတို့က မဲရွေးရအုံးမှာဖြစ်တယ်။ ကျနော်တို့ဟာ နိုင်ငံရေးအစိုးရမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အဓိထားပြီးရှင်းတယ်”ဟု ၎င်းကပြောသည်။
ယခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ဘူတာအကြားရှိ မီးရထားဧရိယာအတွင်းနေထိုင်သူများကို ပြည်နယ်စစ်ကောင်စီမှ စတင်ဖယ်ရှားခဲ့သည်။ ယင်းနောက် စစ်တွေမြို့အာဂျိတ်တော်ကုန်ရှိ ကျူးကျော်နေထိုင်သူများကို မတ်လ ၁၀ ရက်နေ့တွင် ထပ်မံဖယ်ရှားခဲ့သည်။
ထိုသို့ဖယ်ရှားခံရမှုကြောင့် အဆိုပါနေရာများတွင်နေထိုင်ခဲ့သည့် လူဦးရေ ၃၀၀ ကျော်မှာ နေရာထိုင်ခင်းအခက်အခဲနှင့် အစားအသောက်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြသည်။ ထိုသို့အခက်အခဲများဖြစ်ပေါ်နေသည့် ပြည်သူများကို အသင်းအဖွဲ့အချို့မှကူညီထောက်ပံ့ခြင်းများရှိသော်လည်း ယခုအချိန်ထိ အစိုးရမှ ကူညီဆောင်ရွက်ပေးခြင်းမရှိသေးဟု ဖယ်ရှားခံခဲ့ရသည့် ကိုညီညီကပြောသည်။
“ကျနော်တို့မှာ သွားစရာ၊လာစရာလည်းမရှိဘူး။ ဒီလိုမျိုးဖယ်ရှားခံရတော့ နေထိုင်မယ့်နေရာတစ်ကွက်လေးဖြစ်ဖြစ် ပေးဖို့တောင်းဆိုချင်ပါတယ်”ဟု သူကပြောသည်။
နိုင်ငံရေးအစိုးရဖြစ်စေ၊ အာဏာသိမ်းပြီးတက်လာသည့်အစိုးရဖြစ်စေ ပြည်သူများ၏အကျိုးကို လိုလားသည့်အစိုးရဖြစ်ရန်အရေးကြီးသည့်အတွက် ပြည်သူများကျုးကျော်ဖြစ်ရသည့်အကြောင်းရင်းကိုရှာရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။
ယင်းအပြင် ကျုးကျော်များကိုဖယ်ရှားမည်ဆိုပါက ၎င်းတို့အတွက် နေရာထိုင်ခင်းများနှင့်သင့်တော်မည့်လုပ်ငန်းများကို အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဦးဖေသန်းကပြောသည်။
“ကျုးကျော်ဆိုပြီး အတင်းဖျက်ပြီးတော့ သွားချင်ရာသွားငါတို့နဲ့မဆိုင်ဘူး။ မင်းတို့ဟာ ဥပဒေချိုးဖောက်တာပဲ။ အဲလိုတစ်ဖက်သက် ရက်ရက်စက်စက်ဆုံးဖြတ်မယ်ဆိုရင်တော့ ပြည်သူတွေကိုမစာနာတဲ့ အစိုးရပေါ့။ ပြည်သူတွေဘက်က မရပ်တည်တဲ့ အစိုးရ၊ ပြည်သူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးဖို့ ဝိုင်းဝန်းမစဉ်းစားတဲ့ အစိုးရဖြစ်သွားလိမ့်မယ်။ အဲလိုဆိုရင်တော့ ပြည်သူ့အစိုးရလို့ခေါ်လို့မရဘူး”ဟု သူကဆိုသည်။
လက်ရှိတွင် စစ်တွေမြို့ကဖယ်ရှားခံရသည့် ကျူးကျော်များထဲမှ အချို့မှာ ဘုန်းကြီးကျောင်းများတွင်နေထိုင်နေရပြီး အချို့ကမူ ဖယ်ရှားခံရသည့်နေရာများတွင် တာလပတ်များမိုးကာ တဲထိုးနေထိုင်နေကြသည်။
ကျူးကျော်ဟုခေါင်းစဉ်တပ်က နေအိမ်များကို အင်အားသုံးဖယ်ရှားခဲ့မှုများကြောင့် ပြည်သူများကြား စစ်ကောင်စီကိုဝေဖန်မှုများထွက်ပေါ်နေပြီး ၎င်းတို့ကိုသင့်လျှော်သည့်မြေနေရာများတွင် နေရာချပေးသင့်ကြောင်းလည်း အကြံပြုပြောဆိုမှုများရှိနေသည်။
သို့သော် ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ကျုးကျော်များကိုနေရာအစားထိုးဆောင်ရွက်ပေးရန် မရှိကြောင်း DMG သို့ ပြောဆိုထားသည်။