ကျောက်ဖြူ မြိုချောင်းကျွန်းတွင် ဆေးဝါးပြတ်လပ်၍ ဒေသခံများအခက်ကြုံ

မြို‌ချောင်းကျွန်းမှာ ကျောက်ဖြူမြို့နှင့် ရေကြောင်းခရီး ၂ နာခရီခန့် အကွာအဝေးတွင်တည်ရှိပြီး ကျေးရွာပေါင်း ၃၃ ရွာရှိကာ ကျေးလက်ကျန်းမာရေးဌာန (၂) ခုနှင့် ဌာနခွဲ (၈) ခုရှိသည်။

By Admin 16 Aug 2024

မြိုချောင်းကျွန်းရှိ မြိုချောင်းကျန်းမာရေးဌာနကို ယခုနှစ်အစောပိုင်းက တွေ့ရစဉ်။
မြိုချောင်းကျွန်းရှိ မြိုချောင်းကျန်းမာရေးဌာနကို ယခုနှစ်အစောပိုင်းက တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၁၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မြိုချောင်းကျွန်းတွင် ဆေးဝါးပြတ်လပ်နေ၍ ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ဆေးဝါးပြတ်လပ်မှုကြောင့် အရေးပေါ်လူနာနှင့် နာတာရှည်ရောဂါသည်များမှာ အသက်န္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“အသည်းအသန်ဖြစ်တဲ့ လူနာ‌‌တွေကိုတောင် အရေး‌ပေါ်ကုသဖို့ ဆေးမရှိဘူး။ တစ်ခါတစ်လေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတဲ့ လူ‌‌တွေအတွက်တောင် ဆေးရှာမရဘူး။ ရှာလို့ရပြန်ရင်လည်း ဈေးနှုန်းက အရင်ကထက် လေးဆလောက် ပေးရတယ်” ဟု မြိုချောင်းဒေသခံတစ်ဦးက ပြောသည်။

မြို‌ချောင်းကျွန်းမှာ ကျောက်ဖြူမြို့နှင့် ရေကြောင်းခရီး ၂ နာရီခန့်အကွာတွင် တည်ရှိပြီး ကျေးရွာပေါင်း ၃၃ ရွာရှိကာ ကျေးလက်ကျန်းမာရေးဌာန (၂) ခုနှင့် ဌာနခွဲ (၈) ခုရှိသည်။

ဒေသအတွက် လုံလောက်သည့် ကျန်းမာရေးဌာနများ ရှိသော်လည်း ကျောက်ဖြူမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးပို့ဆောင်ပေးခြင်း မရှိသဖြင့် ဆေးခန်းများမှာ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

မြိုချောင်းကျွန်းမှ ကျန်းမာ‌ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက “အခု ကိုယ့်ပိုက်ဆံနဲ့တောင် သယ်ယူခွင့်မရှိဘူး။ တချို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းနည်းပါးပါးဝယ်ယူရရှိပေမယ့် ကျွန်းတစ်ခုလုံးအတွက် လုံလောက်မှုမရှိပါဘူး” ဟု ပြောသည်။

ရခိုင်တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်း မြို့‌ပေါ်နှင့် ကျေးလက် ဆက်သွယ်သွားလာရေး လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ကျေးလက်ဒေသသို့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကိုလည်း တားမြစ်ထားသည်။

လမ်းပန်းဆက်သွယ်ရေးလွယ်ကူသော ကျေးလက်ဒေသများမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးဝါးအချို့ ရရှိနေကြသော်လည်း မြိုချောင်းကျွန်းတွင် ယင်းသို့မရရှိသည့်အတွက် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေကြသည်။

“ကျနော့်ရဲ့အမေကတော့ ဆီးချိုသမားပါ။ ဒါပေမဲ့ ဆီးချိုကျဆေးရှာမရလို့ တောဆေး၊ တောင်ဆေးတွေရှာပြီး သောက်နေရတယ်။ ပန်းနာရင်ကြပ်သမားတွေလည်း အဲလို အခက်အခဲတွေ ရှိနေကြတယ်။ ဆေးပှံမှန်မှီဝဲနေရတဲ့ လူတွေအတွက်က တော်တော်လေးအခက်အခဲရှိတယ်” ဟု မြိုချောင်းကျွန်းဒေသခံ နောက်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက် စစ်ရေးတင်းမာနေပြီး ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းများကို AA က ပိတ်ဆို့ဖြတ်တောက်ထားသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာပေါင်း ၃၀ ခန့်မှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာအသီးသီးတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။