ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုကို စတင်စစ်ဆေး

PDF နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုကို ယနေ့(အောက်တိုဘာ ၂၂ ရက်)တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

22 Nov 2021

DMG ၊ နိုဝင်ဘာ ၂၂

PDF နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုကို ယနေ့(အောက်တိုဘာ ၂၂ ရက်)တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးလုပ်ကာ တရားလိုဖြစ်သူ ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်အား စတင်စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့် ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလအတွင်းက ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှုကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထပ်မံချိန်းထားပြီး နောက်ထပ်တရားလိုသက်သေများကို စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဖမ်းဆီးခံထားရသူ ကိုရဲနိုင်ဦး၏ ညီဖြစ်သူ ကိုရဲနိုင်ထွေးက ပြောသည်။

အလားတူ သံတွဲမြို့နယ်အတွင်းမှ မသိမ့်အေးချမ်း၊ မငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်းတို့မှာလည်း PDF အဖွဲ့ဖြင့်ဆက်စပ်သည်ဟုဆိုကာ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးစစ်ဆေးခံနေရပြီး ၎င်းတို့၏နောက်ဆက်တွဲအခြေအနေများကို မသိရှိရသေးပေ။

ရခိုင်ပြည်နယ်အတွင်းတွင် PDF အဖွဲ့နှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် ဖမ်းဆီးခံထားရသူမှာ ၆ ဦးအထိရှိပြီး သံတွဲမြို့နယ်မှ ၅ ဦးနှင့် မြောက်ဦးမြို့နယ်မှ တစ်ဦးတို့ပါဝင်သည်။