- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)
ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။
09 Sep 2022
စက်တင်ဘာ ၁
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ၊ ဝင်္ကဘာကွင်းတွင် စားသုံးဆီတစ်ပိဿာကို ၅၅၀၀ ကျပ်ဖြင့် အခြေခံလူတန်းစားများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စက်တင်ဘာလ ၁ ရက်နေ့တွင် ရောင်းချပေးခဲ့သည်။
မအီမြို့မှ အမ်းမြို့သို့ထွက်ခွာလာသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ကားမှာ စက်တင်ဘာလ ၁ ရက်၊ညနေ ၃ နာရီခန့်က မြေနီရွာနှင့် တလိုင်းတောင်ရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လက်ရှိ နေရာအနှံ့တွင်စစ်ရေးတင်းမာမှုများရှိနေပြီး ရခိုင်ပြည်နယ်၊ မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။
ပလက်ဝမြို့နယ်၊ စည်းမဝကျေးရွာမှ အသက်(၂၅)နှစ်အရွယ် မောင်ကျော်အေးကျန်မှာ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအနီးရှိ လယ်ကွင်းသို့ ကောက်သစ်စပါးရိတ်ရန်သွားစဉ် မိုင်းနင်းမိခဲ့ပြီး ခြေတစ်ဖက်ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်း၊ လူနေအဆောင်နှင့် ထမင်းစားဆောင်တို့ကို သြဂုတ်လ ၃၀ ရက်နေ့တွင် မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)ကပြောဆိုခဲ့သည်။
စက်တင်ဘာ ၂
ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရွေးကောက်ပွဲဆိုင်ရာရာဇသတ်ကြီးဥပဒေဖြင့် စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။
မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာအတွင်းသို့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အိန္ဒိနယ်စပ်အနီးတွင် မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခတ်မှုကြောင့် မြိတ်ဝကျေးရွာမှဒေသခံ ၅၀၀ ကျော်မှာ ကျေးရွာအတွင်း နေထိုင်၍မရတော့သဖြင့် အိန္ဒိယနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။
ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က စတင်ပြီး ညမထွက်ရ ပုဒ်မ-၁၄၄ အမိန့်ကို ထပ်မံသက်တမ်းတိုး ထုတ်ပြန်လိုက်သောကြောင့် ဒေသခံများက ဝေဖန်နေကြသည်။
ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတစ်နေရာတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။
စက်တင်ဘာ ၃
ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။
ကျောက်ဖြူမြို့ရှိ ကျောက်ဖြူကမ်းခြေ သန့်ရှင်းသာယာစေရေး ရည်ရွယ်ချက်ဖြင့် မြို့ခံများက အမှိုက်ကောက်ခြင်းနှင့်အတူ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့ ၄ နာရီအချိန်က ကျင်းပပြုလုပ်နေကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးတင်းမာမှုနှင့် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်(၃)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ(၆၆၀၀)ကျော်အထိတိုးလာနေကြောင်း စစ်ဘေးအရေးကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ သိရသည်။
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အခြေခံလူတန်းစားများနေထိုင်ရာ ကယ်ဆယ်ရေးရပ်ကွက်နှင့် ဆတ်ရိုးကျရပ်ကွက်(ဗျိုင်းဖြူ)ရွာတို့တွင် ပြီးခဲ့သည့်သြဂုတ်လမှစတင်ကာ စစ်ဆေးရေးဂိတ်နှစ်ခု ထပ်တိုးချထားကြောင်း ဒေသခံများထံမှသိရသည်။
စက်တင်ဘာ ၄
ရခိုင်ပြည်၊ မြောက်ဦးမြို့အတွင်းတွင် မြန်မာစစ်တပ်က စက်တင်ဘာ ၄ ရက်နေ့ နံနက်စောပိုင်းအချိန်မှစ၍ သွားလာလှုပ်ရှားမှုများရှိခဲ့ပြီး ဒေသခံတစ်ဦးဖြစ်သည့် ကိုကျော်ဇံဝေ (ခ) ရင်ဆိုဆိုသူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေကျေးရွာအနီး ရဲတပ်ရင်း(၃၆)ရှေ့၌ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒါးပိုင်ကျေးရွာမှ အသက်(၂၀)နှစ်အရွယ် ဇောတ်မီရတ်ဟူဆောနတ်ဆိုသည့် မွတ်ဆလင်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။
အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်သည့် သူရဲဘောကြောင်လုပ်ရပ်များကို စစ်ကောင်စီကလုပ်ဆောင်နေပြီး မြောက်ဦးမြို့သည် ဓားစာခံဖြစ်နေရသည်ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စက်တင်ဘာ ၄ ရက်နေ့တွင် ၎င်း၏တွစ်တာပေါ်၌ ရေးသားခဲ့သည်။
ရခိုင်ပြည် ပြင်ပထွက်ခွာပြီး အလုပ်လုပ်ရန်သွားသည့် မွတ်ဆလင် ၁၇ ဦးသည် ဂွမြို့နယ်အတွင်းတွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၇ နာရီခန့်က ထပ်မံဖမ်းဆီးခံခဲ့ရသည်။
စက်တင်ဘာ ၅
မြန်မာနိုင်ငံတွင် ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် အခမဲ့ဆေးကုသမှုပေးနေကြသည့် ပရဟိတဆေးခန်းများ ရေရှည်ရပ်တည်ရန် ခက်ခဲလာနေကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေသူများထံမှ သိရသည်။
မြောက်ဦးမြို့မဈေးကြီးတွင် မိုင်းရှင်းလင်းမည်ဖြစ်သဖြင့် ဈေးဆိုင်များပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုလာသဖြင့် ဈေးသည်များမှာစိုးရိမ်၍ ဆိုင်ပိတ်သိမ်းကာ ပစ္စည်းများကိုနေအိမ်သို့ ရွှေ့ပြောင်းခဲ့ကြရသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့၌ စက်တင်ဘာ ၅ ရက်နေ့မှစပြီး ထိုင်းဘတ်ငွေ လှဲလှယ်ရာတွင် ဗဟိုဘဏ်သတ်မှတ်ချက်ထက် ပြင်ပငွေကြေးဈေးကွက် ဈေးနှုန်းမြင့်တက်ကာ ထိုင်း ၁ ဘတ်ကို မြန်မာငွေကျပ် ၉၀ ကျော်အထိအရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှသိရသည်။
စက်တင်ဘာ ၆
ရခိုင်ပြည်၊ မြောက်ဦးမြို့မှ ဖမ်းဆီးခံရသည့် ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု စက်တင်ဘာလ ၆ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်တွင်နေထိုင်သည့် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်သူရကို စက်တင်ဘာလ ၆ ရက်နေ့တွင် မြန်မာစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ရခိုင်ပြည်၊ မြောက်ဦးမြို့ နန်းတော်ရာကုန်းအရှေ့ဘက် လွမ်းတောင်နှင့် ဆေးရုံဟောင်းအနီး ဝရစ်တောကွင်းတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ စစ်တွေတက္ကသိုလ်ကျောင်းအနီးရှိ ရဲတပ်ရင်း(၃၆)ရှေ့တွင် ရဲတပ်သားတစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မွတ်ဆလင်လူငယ်နှင့်ပတ်သက်ပြီး အဆိုပါရဲတပ်ရင်းမှ သေဆုံးသူ၏မိသားစုကို နစ်နာကြေး ငွေကျပ်(၅)သိန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုများကို စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသည့် ရခိုင်လူမျိုးများမှာ နှုတ်ဆိတ်နေကြသည်ဟု ဝေဖန်နေကြသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုယမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ပလက်ဝမြို့မှ စစ်ဘေးရှောင် ၆၀၀ ကျော်အတွက် ရခိုင်အရပ်ဖက်အဖွဲအစည်းများစုပေါင်းကာ ငွေကျပ်သိန်း ၈၀ ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၇
အများပြည်သူစားသုံးရန်မသင့်တော်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည့်စာရင်းတွင် ပါဝင်သော ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များအား ထုတ်လုပ်ခွင့်ရပ်နားကာ ဖြန့်ဖြူးပြီးပစ္စည်းများကို ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်နှင့်ပူးပေါင်းပြီး လုံခြုံရေးကိစ္စရပ်များကို ဆက်လက်ဆောက်ရွက်ရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ညွှန်ကြားထားကြောင်း စက်တင်ဘာလ ၇ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
မြေပုံမြို့အထွက်ဂိတ်အနီးရှိ နတလရုံးရှေ့တွင် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဗုံး (သို့မဟုတ်) မိုင်းပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် မြေပုံ-မင်းပြားကားလမ်းကို မြန်မာစစ်တပ်က ပိတ်ထားခဲ့သည်။
ပလက်ဝမြို့နယ်တွင် လမ်းများပိတ်ထားသောကြောင့် လစာလာထုတ်သည့် နယ်မှဆရာ၊ဆရာမ ၂၀ ခန့်မှာ မြို့ပေါ်တွင် တစ်ပတ်ခန့်ကြာပိတ်မိနေသည်။