ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများကို ခေတ္တပိတ်နိုင်ရန် ပြည်နယ်စစ်ကောင်စီ စီစဉ်

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်များငံများတွင်လည်း ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

05 Jul 2021

(မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ တင်ပို့နေသည့် မြင်ကွင်း။ ဓါတ်ပုံ - F001 )

DMG ၊ ဇူလိုင် ၅

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်များငံများတွင်လည်း ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့က ရခိုင်ပြည် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်တီ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စစ်ကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းက နယ်စပ်ကုန်သွယ်ရေး ခေတ္တပိတ်ရေးနှင့်ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်နေသူတွေ၊ ပြည်တွင်းခရီးသွားလာသူတွေ၊ တာဝန်နဲ့ပြောင်းရွေ့လာသူတွေ ကူးစက်မှုဖြစ်ပွားနေတာကို တွေ့ရတယ်” ဟု ဒေါက်တာ အောင်ကျော်မင်းက ဆိုသည်။

သို့သော် နယ်စပ်ကုန်သွယ်ရေးကို မည်သည့်အချိန်တွင် ပိတ်သွားမည်ဆိုသည်ကို မသိရှိရသေးပေ။

ရခိုင်ပြည်တွင် Covid -19 ဗိုင်းရပ်စ်ပိုး တတိယလှိုင်းကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှစ၍ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး သွားလာနေသူများထံမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်တွင် Covid-19 တတိယလှိုင်း ရောဂါပိုးကူးစက်သူ ၄၀၀ ကျော်ရှိအထိရှိပြီး ရောဂါပိုးတွေ့ ရှိသူများမှာ စစ်တွေ၊ မောင်တော၊ သံတွဲ၊ မင်းပြား၊ တောင်ကုတ်မြို့နယ်များမှ ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ရောဂါသေဆုံးသူရှိလာသည့်အတွက် COVID 19 နှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူ ၅၀ ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ပြုလုပ်ရန် ကျန်းမာရေးဌာနက ညွှန်ကြားထားသည်။