စစ်ကောင်စီ၏ ပြည့်သူ့လုံခြုံရေး အစီအစဉ်ကို ဘယ်လိုမြင်ကြလဲ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံစေရန် ရေရှည်အတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်း ဖြစ်တယ်” ဟု ဩဂုတ်၂၆ ရက်တွင် ပြောဆိုခဲ့သည်။ 

By Admin 27 Aug 2024

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁)
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁)

DMG ၊ ဩဂုတ် ၂၇  

စစ်ကောင်စီသည်  ပြည်သူ့စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့စစ်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံတည်ငြိမ်ရေးဟုဆိုကာ ပြည်သူများကို လက်နက်တပ်ဆင်ပေးရန် စီစဉ်နေသည်။

EAOs အဖွဲ့တစ်ချို့နှင့် PDF များသည် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်း၊ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်းနှင့် ဆက်သွယ်ရေးလမ်းများကို ဖောက်ခွဲဖျက်ဆီးမှုများအပေါ် ကာကွယ်နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံစေရန် ရေရှည်အတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်း ဖြစ်တယ်” ဟု ဩဂုတ်၂၆ ရက်တွင် ပြောဆိုခဲ့သည်။ 

ရပ်ကွက်ကျေးရွာအဆင့်အထိ အရပ်သားများကို လက်နက်တပ်ဆင်ပေးမည့် ပြည်သူ့လုံခြုံရေးအစီအစဥ်ကို အမြန်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ လိုအပ်သည့်လက်နက်များ တပ်ဆင်ပေးမည်ဟုလည်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောထားသည်။

ယခုအစီအစဉ်အပေါ် နိုင်ငံရေးအကဲခတ်များက စစ်ကောင်စီ၏ တပ်တွင်းအင်အား ပြိုလဲနေပြီး၊ စစ်သားအင်အား ဆုတ်ယုတ်လာချိန် ပြည်သူများကို အကြောင်းပြချက်မျိုးစုံဖြင့် စစ်တပ်ထဲ သွတ်သွင်းနေခြင်းဟု ရှုမြင်ကြသည်။ 

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီဟာ အကြီးအကျယ်ရှုံးနိမ့်နေပြီးတော့ လက်နက်ချတာတွေ၊ သေကြေဒဏ်ရာရတဲ့ သူတွေသောင်းနဲ့ချီရှိနေတယ်။ တပ်ထဲမှာ လူအင်အားတွေလည်း လုံးဝ မရှိတော့ဘူး။ ပြိုလဲနေကြပြီ။ အဲဒီအောက်မှာ တစ်တိုင်းပြည်လုံးက လူတွေကို အကြောင်းအမျိုးမျိုးပြပြီး စစ်တပ်ထဲကို မောင်းသွင်းနေတယ်။ ငွေကြေးနဲ့ဖိအားပေးခေါ်တယ်။ အခုတစ်ခါ လုံခြုံရေးကို အကြောင်းပြပြီးတော့ ခေါ်လာတယ်ဆိုတာလည်း ဘယ်အကွက်ရွှေ့နေလဲဆိုတာကို အကုန်လုံးသိပြီးဖြစ်ပါတယ်” ဟု ပြောသည်။ 

စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလတွင် အကောင်ထည်ဖော်ခဲ့ပြီး နိုင်ငံအနှံ့တိုက်ပွဲများတွင် အင်းအားဖြည့်အသုံးပြုနေသည်။

လက်ရှိတွင်လည်း ပြည်သူ့လုံခြုံရေးဟုဆိုကာ ပြည်သူများကို လက်နက်တပ်ဆင်ပေးခြင်းမှာ မြေပြင်မှာ စစ်လက်နက်များပြန့်ကြဲပြီး ဆူပူသောင်းကျန်းမှုများဖြစ်လာအောင် ဖန်တီးလိုခြင်းဟု သုံးသပ်မှုများရှိနေသည်။

လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတစ်ဦးက “ဒါကတော့ ရှင်းပါတယ်။ ပြည်သူတွေအချင်းချင်းကြားမှာ ပဋိပက္ခကို ပိုပြီးဆိုးရွားသွားအောင် လုပ်ဆောင်နေတာ။ စစ်ကောင်စီ မရှိတော့ရင်တောင် ပြည်သူကြားမှာ လက်နက်တွေကို ဖြန့်ကြဲပြီး ချန်ထားခဲ့မယ်ဆိုတဲ့သဘော။ အင်မတန်မှ ကြောက်စရာကောင်းတဲ့ လှည့်ကွက်လို့ ပြောရမယ်” ဟု ပြောသည်။ 

လတ်ရှိတွင် ရခိုင်ပြည် အမ်းမြို့နှင့် စစ်တွေမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီက “စစ်မှုထမ်းရန် မလိုက်မနေရ” ဟုဆိုကာ ပြန်လည်ခေါ်ယူလျက်ရှိနေသည်။

စစ်အာဏာသိမ်းမှုအကျိုးဆက် နိုင်ငံတဝန်းတွင် စစ်ရေးပဋိပက္ခများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာလည်း တဖြည်းဖြည်းလျော့နည်းလာနေသည်။