စစ်တွေမြို့ ဓညဝတီအားကစားကွင်းကို အဆင့်မြင့်တင်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျပ်သိန်းတစ်သောင်းခန့်ဖြင့် ဓညဝတီအားကစားကွင်းကို အဆင့်မြင့်အားကစားကွင်းအဖြစ်တည်ဆောက်လျက်ရှိရာ လတ်တလောတွင်လုပ်ငန်းပြီးစီးမှု ၈၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း Coral Akyab Group ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးလင်းကပြောကြားသည်။

15 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျပ်သိန်းတစ်သောင်းခန့်ဖြင့် ဓညဝတီအားကစားကွင်းကို အဆင့်မြင့်အားကစားကွင်းအဖြစ်တည်ဆောက်လျက်ရှိရာ လတ်တလောတွင်လုပ်ငန်းပြီးစီးမှု ၈၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း Coral Akyab Group ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးလင်းကပြောကြားသည်။

အဆိုပါ ဓညဝတီအားကစားကွင်းမှာ ဘောလုံးကွင်းနှင့် မီတာ ၄၀၀ ပြေးလမ်းပါရှိမည်ဖြစ်ပြီး ဘောလုံးကွင်းအတွင်း ဂျပန်မြက်များကို ယခုလအတွင်းအပြီးစိုက်ပျိုးသွားမည်ဟုလည်း ၎င်းကပြောသည်။

ဘောလုံးကွင်းအပြင်ပတ်လမ်း မီတာ ၄၀၀ ပြေးလမ်းတွင် အသုံးပြုမည့်ရာဘာများကို နိုင်ငံခြားမှဝယ်ယူရသဖြင့် ဒေါ်လာဈေးမြင့်တက်နေမှုကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း ဦးပြည့်ဖြိုးလင်းကဆိုသည်။

“လုပ်ငန်းက ၈၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ မီတာ ၄၀၀ ပြေးလမ်းကို နိုင်လွန်ကတ္တရာခင်းရမယ့်ဟာနဲ့ ရာဘာခင်းကိစ္စတွေပြီးစီးဖို့က အချိန်တစ်လလောက်လိုအပ်မယ်။ ကွင်းထဲမှာ ဂျပန်မြက်ပင်စိုက်ပြီးရင် ဘောလုံးကွင်းက တစ်ပတ်အတွင်းပြီးစီးနိုင်ပါတယ်။ အကုန်လုံးအချောကိုင်မယ့်အပိုင်းဆိုရင်တော့ တစ်လလောက်ကြာဦးမယ်“ဟု ၎င်းကပြောသည်။
Syntheic Rubber ပြေးလမ်းပါ ဘက်စုံကစားနိုင်သည့် ဓညဝတီအားကစားကွင်းကို ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါအားကစားကွင်းတွင် ဘောလုံးအားကစားအပြင် မာရသွန်၊ ပြေးခုန်ပစ်၊ တုတ်ထောက်ခုန်နည်းနှင့် သံလုံးသံပြားပစ်ပြိုင်ပွဲများအပြင် အားကစားနည်းမျိုးစုံပြိုင်ပွဲများကို ကျင်းပနိုင်မည်ဖြစ်ကာ ပရိတ်သတ်ခုနှစ်ထောင်ကျော် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

“ဒီကွင်းက အရင်ကဆို လေ့ကျင့်ကွင်းပုံစံမျိုးပဲ။ အခုတော့ ရေစီးမြောင်းတွေလုပ်ပြီး ကွင်းထဲမှာ ဂျပန်မြက်ပင်အစစ်တွေကိုစိုက်မယ်။ မီတာ ၄၀၀ ပြေးလမ်းလည်းလုပ်မှာမို့ အသုံးပြုမယ့်ရာဘာကို တရုတ်ပြည်ကနေမှာယူထားတယ်”ဟု ဦးပြည့်ဖြိုးလင်းက ရှင်းပြသည်။

ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးအားကစားနည်းအတွက် အခြားတိုင်းနှင့်ပြည်နယ်ဒေသကြီးများနည်းတူ ယခုလို အဆင့်မြင့်အားကစားကွင်းကို စစ်တွေမြို့နယ်မှာတည်ဆောက်ရခြင်းဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“နိုင်ငံတကာမှာ အားကစားနည်းမျိုး ၅၀ အထိရှိတယ်။ အဲ့ဒါကြောင့် ရခိုင်ပြည်နယ်မှာလည်း အလားတူ အားကစားနည်းမျိုးစုံ ကစားနိုင်ဖို့ အခုလိုအဆင့်မြင့်အားကစားကွင်းကို တည်ဆောက်ရတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အားကစားကွင်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံရေးမတည်ငြိမ်မှု၊ လုပ်ငန်းခွင်မှာအသုံးပြုမည့်ကုန်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်မှုတို့ကြောင့် လုပ်ငန်းခွင်ကို နှစ်လခန့်ယာယီရပ်နားခဲ့ရပြီး ယင်းအားကစားကွင်းကို လာမည့်နှစ်အစောပိုင်းတွင် ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခုလို အဆင့်မြင့်အားကစားကွင်းတည်ဆောက်ပေးသည့်အပေါ် ဝမ်းသာမိကြောင်းလည်း Rakhine United Football Club(RUFC) U21 အသင်း ဂိုးဖမ်းသမား ကိုမြတ်ကိုကိုက ပြောသည်။

“ရခိုင်ပြည်မှာ အခုလိုအဆင့်မြင့်အားကစားကွင်းတစ်ကွင်း ဖြစ်လာမယ်ဆိုတော့ ဝမ်းသာမိတယ်။ အခုဆို ဘောလုံးကန်မယ့် ကွင်းကြီးဆိုလို့ တစ်ကွင်းမှမရှိဘူးလေ။ မြက်ခင်းအတုနဲ့ လုပ်ထားတဲ့ ဖူဆယ်ကွင်းတွေမှာပဲဘောလုံးကစားနေရတာ”ဟု ကိုမြတ်ကိုကိုက ဆိုသည်။

ဓညဝတီအားကစားကွင်းကို ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း နိုင်ငံရေးမတည်ငြိမ်မှု၊ ဒေါ်လာဈေးနှုန်းမြင့်တက်မှုတို့ကြောင့် လုပ်ငန်းပြီးစီးမည့်အချိန်ကာလမှာ မလုံလောက်ကြောင်းကို အစိုးရဆီတင်ပြတောင်းဆိုထားကြောင်းလည်း Coral Akyab Group မှ သိရသည်။