ရခိုင်သို့ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅ဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို Quarantine ထားရှိပြီး ကိုဗစ် ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ ဇူလိုင်လ (၇ )ရက်နေ့တွင် ၂ဦး၊ ဇူလိုင်လ (၈)ရက်နေ့တွင် (၃)ဦးတို့ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

09 Jul 2022

DMG ၊ ဇူလိုင်၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို Quarantine ထားရှိပြီး ကိုဗစ် ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ ဇူလိုင်လ (၇ )ရက်နေ့တွင် ၂ဦး၊ ဇူလိုင်လ (၈)ရက်နေ့တွင် (၃)ဦးတို့ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

စစ်တွေမြို့၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် အဆိုပါစက်လှေသမားများကို Quarantine ထားရှိပြီး စစ်ဆေးရာတွင် ယင်းကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဇူလိုင် ၄ ရက်နေ့ကရောဂါပိုးတွေ့တဲ့ စက်လှေသမား ၃ဦးရှိခဲ့တယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးက ကျန်စက်လှေသမားတွေကို Quarantine ထားရှိပြီး စစ်ဆေးတာမှာ ဇူလိုင် ၇ ရက်နေ့ က၂ဦး ၊ ၈ရက်နေ့က ၃ဦးထပ်တွေ့တယ်။ သူတို့ကလည်း အခုဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပြီး ဆေးရုံဆင်းရတော့မယ့်အနေအထားရှိနေပါပြီ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည့် စက်လှေသမား ၃ ဦးမှာလည်း ကျန်းမာရေးကောင်းမွန်သည့်အတွက် ဆေးရုံမှဆင်းခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ရောဂါဝင်ရောက်လာရင်တောင် အလွယ်တကူ ရောဂါမဖြစ်နိုင်ဘူး။ ဖြစ်လာခဲ့ရင်တောင် ပြင်းထန်တဲ့အဆင့်ထိ မရောက်နိုင်ဘူး။ မိမိကိုယ်ကိုကာကွယ်ခြင်းအားဖြင့် ကိုယ့်မိသားစုကိုရော၊ ဘေးပတ်ဝန်းကျင်ကိုရော မကူးစက်တော့ဘူးပေါ့။ အဲဒီတော့ ကာကွယ်ဆေးထိုးပါ၊ ရောဂါကာကွယ်နိုင်မယ့်နည်းလမ်းတွေကိုလိုက်နာကြပါ”ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်လက်တိုက်တွန်း ပြောဆိုထားသည်။

ရခိုင်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ရောဂါပိုးတွေ့ရှိသူ ၄၂၆၄ဦးရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုနှုန်းမှာ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းသေဆုံးမှုနှုန်းထက် အဆမတန်မြင့်တက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃၀ရက်နေ့အထိ(တတိယလှိုင်းအတွင်း) ပိုးတွေ့ရှိသူ ၅၂၄၇ ဦးရှိခဲ့သည့်အနက် သေဆုံးသူ ၅၀၁ဦးအထိရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ စာရင်းဇယားများအရ သိရသည်။

ထို့နောက်ရခိုင်ပြည်အပါအဝင် တစ်နိုင်ငံလုံးတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာခဲ့ရာမှ ဇူလိုင်လပထမအပတ်မှစတင်ပြီး စစ်တွေရွှေမင်းဂံဆိပ်ကမ်းတွင် ယခုကဲ့သို့ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။