“စစ်ပွဲအောင်မြင်ဖို့” ပြည်သူအားလုံး ဝန်းရံပေးရန် စစ်ခေါင်းဆောင် အသနားခံ

နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ဩဂုတ်လ ၅ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ 

By Admin 06 Aug 2024

“စစ်ပွဲအောင်မြင်ဖို့” ပြည်သူအားလုံး ဝန်းရံပေးရန် စစ်ခေါင်းဆောင် အသနားခံ

DMG ၊ ဩဂုတ် ၆ 

စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံတဝန်းတွင် လက်နက်ကိုင်တော်လှန်မှုများအား ကြုံတွေ့နေရသော စစ်ကောင်စီက ၎င်းတို့ရင်ဆိုင်နေရသော စစ်ပွဲများကို “တရားသောစစ်” ဟု သုံးနှုန်းထားပြီး စစ်ပွဲများအောင်မြင်ရန် ပြည်သူအားလုံး ဝန်းရံပေးကြဖို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာသည်။

နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ဩဂုတ်လ ၅ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ 

“ခေတ်အဆက်ဆက်တွင် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ကာ မြန်မာ့တပ်မတော်က ဦးဆောင်ဆင်နွှဲနေသော တရားသောစစ်အောင်မြင်ဖို့ ပြည်သူအားလုံးက ယုံကြည်စွာဖြင့် ဝန်းရံပေးကြဖို့” စစ်ခေါင်းဆောင်က အသနားခံ ပြောကြားလိုက်သည်။   

နိုင်ငံရေးသုံးသပ်သူတစ်ဦးက “အာဏာသိမ်းကတည်းက စစ်ကောင်စီ မှားခဲ့တာ။ ပြည်သူတွေကို နည်းမျိုးစုံနှိပ်စက်ပြီးတော့မှ ဝန်းရံပေးကြပါလို့ ပြောနေတာက မျက်နှာပြောင်တိုက်နေတာ။ တရားသောစစ်ဆိုတဲ့ စကားလုံးဟာ သူတို့သုံးနှုန်းရမယ့်စကား မဟုတ်ဘူး။ အာဏာရှင်ကို တော်လှန်နေကြတဲ့ တရားသောစစ် ဆင်နွှဲနေသူတွေရဲ့ ဒဏ်ခတ်မှုကို စစ်ကောင်စီက ခံစားနေရတာ” ဟု ပြောသည်။

ထို့အပြင် တည်ငြိမ်အေးချမ်းမှုကို လိုလားသော နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးက - အကြမ်းဖက် လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချခြင်း၊ တပ်မတော်နှင့် နိုင်ငံတော်ကို ထောက်ခံအားပေးပြောဆိုနေမှုကို အထူးကျေးဇူးတင်ကြောင်းနှင့် ခွန်အားများဖြစ်ရကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

အဆိုပါ နိုင်ငံရေးပါတီများဆိုသည်မှာ ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သော ပါတီများသာဖြစ်ပြီး ပြည်သူအများဆုံးထောက်ခံသည့် ပါတီများမဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောကြသည်။

“လေကြောင်းတိုက်ခိုက်လို့ တိုင်းပြည်အနှံ့ ပြည်သူတွေ သေဆုံးဒဏ်ရာရတာ နေ့တိုင်းရှိနေတယ်။ အဲဒါတွေကို ကိုယ်လုပ်ရပ်မှန်ရဲ့လားလို့ မသုံးသပ်ဘဲ ပြည်သူတွေဝန်းရံဖို့ အကူညီတောင်းတာက တော်တော်အရှက်မရှိတာပဲ” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲများနှင့်ပတ်သက်၍လည်း တပ်မတော်အနေဖြင့် ပြည်ထောင်စုကြီးတည်တံ့ရန် ပြည်သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်စောင့်ရှောက်နေခြင်းသာဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရ စစ်သည်များအတွက် စစ်ခေါင်းဆောင်က စိတ်မကောင်းဖြစ်နေသည်။ 

“နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစုဝင်များအတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

တပ်မတော်နှင့် မျိုးချစ်ပြည်သူရှိနေသမျှ နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရမည်ဖြစ်ပြီး တည်တံ့ခိုင်မြဲအောင်လည်း ကာကွယ်စောင့်ရှောက်ကြရန် စစ်ခေါင်းဆောင်က တိုက်တွန်းထားသည်။

သို့သော်လည်း ပြည်သူအများစုမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ပြီး တော်လှန်စစ်များဆင်နွဲနေသဖြင့် မြန်မာနိုင်ငံက မြို့ပေါင်း ၇၀ ကျော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့လက်အောက်သို့ ကျရောက်သွားပြီးဖြစ်သည်။

ဆက်လက်ပြီး ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။