အမ်းမြို့ရှိ စစ်မှုထမ်းဟောင်းများကို တာဝန်ပြန်ထမ်း‌ဆောင်ရန် စစ်ကောင်စီ ခေါ်နေ

“အမ်းမှာရှိတဲ့ စစ်မှုထမ်းဟောင်း အကုန်လုံးကို ခေါ်နေတာ။ ကျနော့်အစ်ကိုလည်း ပါသွားတယ်။ မလိုက်မနေရဆိုပြီး ခေါ်တာ” ဟု စစ်မှုထမ်းဟောင်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

By Admin 22 Aug 2024

၂၀၁၈ ခုနှစ်က အမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခေါင်းဆောင်များ တွေ့ဆုံပွဲတစ်ခု။ ဓာတ်ပုံ - CINCDS 
၂၀၁၈ ခုနှစ်က အမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခေါင်းဆောင်များ တွေ့ဆုံပွဲတစ်ခု။ ဓာတ်ပုံ - CINCDS 

DMG ၊ ဩဂုတ် ၂၂ 

ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီက “စစ်မှုထမ်းရန် မလိုက်မနေရ” ဟုဆိုကာ ဩဂုတ်လ တတိယအပတ်မှ၍ တာဝန်ထမ်းဆောင်ရန် ခေါ်ဆောင်နေကြောင်း သိရသည်။  

စစ်မှုထမ်းဟောင်း ရာနှင့်ချီကို ပြန်လည်စစ်မှုထမ်းရန် ခေါ်ဆောင်နေခြင်းဖြစ်ပြီး တချို့စစ်မှုထမ်းဟောင်းများမှာ ဆန္ဒမပါဘဲ လိုက်ပါသွားရသည်ဟု မိသားစုဝင်များက ပြောသည်။ 

“အမ်းမှာရှိတဲ့ စစ်မှုထမ်းဟောင်း အကုန်လုံးကို ခေါ်နေတာ။ ကျနော့်အစ်ကိုလည်း ပါသွားတယ်။ မလိုက်မနေရဆိုပြီး ခေါ်တာ” ဟု စစ်မှုထမ်းဟောင်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီက စစ်မှုထမ်းရန် ဖိအားပေးခေါ်ယူနေမှုကြောင့် စစ်မှုထမ်းဟောင်းအချို့မှာ ထွက်ပြေးမှုများရှိနေသည်။ 

“တချို့က ထွက်ပြေးသွားလို့ လွတ်သွားတယ်။ အမ်းမြို့မှာ ဘာတိုက်ပွဲမှ မဖြစ်သေးဘဲ တိုက်ပွဲအတွက်ဆိုပြီး စစ်မှုထမ်းဟောင်းတွေကို ခေါ်နေတာ။ တချို့ဆိုရင် အငြိမ်းစားယူတာကြာလို့ သေနတ်တောင် မကိုင်တတ်တော့ဘူး” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက်၊ စစ်မှုထမ်းဟောင်းများနှင့်သက်ဆိုင်သော အရန်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြဌာန်းလိုက်သည်။ 

အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ရာတွင် စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောထားသည်။ 

“အခုက စစ်ကောင်စီတပ်ထဲကို ကိုယ့်သဘောဆန္ဒနဲ့ စစ်သားလုပ်ဖို့ဆိုပြီး သွားတဲ့သူမရှိတော့ဘူး။ တချို့တွေဆိုရင် တပ်ထဲက ထွက်ပြေးကြတာတွေရှိတယ်။ အဲဒါကြောင့် စစ်ကောင်စီက စစ်သားတွေ အများကြီး လိုအပ်နေတယ် ” ဟု အမ်းဒေသခံ နောက်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်သည့် ဂွနှင့် မာန်အောင်မြို့တို့တွင်လည်း လူငယ်၊ လူလတ်ပိုင်းများကို စစ်မှုထမ်းရန် အဓမ္မဖမ်ဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။