ရခိုင်တွင် ပထမဆုံးသောအား/ကာသိပ္ပံကျောင်းကို သုံးနှစ်ခန့်ကြာသည့်တိုင် မဖွင့်လှစ်နိုင်သေး

ရခိုင်ပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းကို စစ်တွေမြို့တွင် ၂၀၁၈ ခုနှစ်မှ စတင်ဆောက်လုပ်နေသော်လည်း သုံးနှစ်ခန့်ကြာသည့်တိုင် ဆောက်လုပ်မှုမပြီးစီးသေး၍ ကျောင်းဖွင့်လှစ်ရန်ကြန့်ကြာနေသည်ကို တွေ့ရသည်။

By DMG 22 Jan 2022

DMG ၊ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းကို စစ်တွေမြို့တွင် ၂၀၁၈ ခုနှစ်မှ စတင်ဆောက်လုပ်နေသော်လည်း သုံးနှစ်ခန့်ကြာသည့်တိုင် ဆောက်လုပ်မှုမပြီးစီးသေး၍ ကျောင်းဖွင့်လှစ်ရန်ကြန့်ကြာနေသည်ကို တွေ့ရသည်။

အဆိုပါကျောင်းကို ပြည်ထောင်စုဘက်ဂျက်ဖြင့် စစ်တွေမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ခတင်ပိုက်ကျေးရွာတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး အအောက်အအုံအများစုမှာ ပြီးစီးနေပြီဖြစ်သည်။ သို့သော် ဝန်ထမ်းအိမ်ရာများ၊ ဆေးခန်းများနှင့် စာကြည့်တိုက်များ ဆောက်လုပ်ရန် လိုအပ်သေးသောကြောင့် ကျောင်းဖွင့်လှစ်ရန်ကြန့်ကြာနေခြင်းဖြစ်သည်ဟု အားကစားနှင့် ကာယပညာသိပ္ပံ(စစ်တွေ)၏ ကျောင်းအုပ်ကြီး ဦးမောင်မောင်မြင့်က DMG သို့ပြောသည်။

“ကျနော်တို့ကျောင်းမှာ လက်ရှိ ရှိတဲ့အဆောက်အအုံတွေအပြင် ဝန်ထမ်းအိမ်ရာတွေ၊ အားကစားသမားတွေ ကစားဖို့အတွက် Gyn ရုံတွေ၊ ဆေးခန်းတွေ၊ ပြီးရင် စာကြည့်တိုက်တွေထပ်ဆောက်ရဦးမယ်။ ဒီအဆောက်အဦးတွေပြည့်စုံမှပဲ ကျနော်တို့က ကျောင်းကိုဖွင့်ဖြစ်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မည်သည့်အတွက်ကြောင့် သုံးနှစ်ကျော်ကြာသည့်တိုင် ထိုသို့ဆောက်လုပ်မှုမပြီးသေးကြောင်းကိုမူ ကျောင်းအုပ်ကြီးက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ထို့ပြင် မည်သည့်ကာလတွင်ကျောင်းဖွင့်လှစ်နိုင်မည်ကိုလည်း အတိအကျပြောကြားခြင်း မရှိသေးပေ။

အဆိုပါကျောင်းဖွင့်လှစ်ပါက အသက် ၁၂ နှစ်မှ ၁၃ နှစ်အရွယ် အခြေခံပညာအဋ္ဌမတန်းမှ စတင်လက်ခံမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဆိုလျှင် အရပ် ၅ ပေ၊ ၆ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ရှိရမည်ဖြစ်သည်။ အမျိုးသမီးဆိုလျှင် အရပ် ၅ ပေ၊ ၄ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၉၅ ရှိရမည်ဖြစ်သည်ဟု ကျောင်းအုပ်ကြီးကပြောသည်။

ထို့ပြင် တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများသည် အရပ်နှင့် ကိုယ်အလေးချိန် အချိုးအစားပြေပြစ်သူများ၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သူများ၊ အားကစားကို စိတ်ပါဝင်စားသူများ စသည့်အရည်အချင်းများနှင့်ကိုက်ညီသူများကို ဦးစားပေးလက်ခံမည်ဟု သိရသည်။

အဆိုပါကျောင်းတွင် ဘောလုံးနှင့် ပြေးခုန်ပစ်အားကစားကို အဓိကသင်ကြားပေးမည်ဖြစ်ကာ ဂျူဒို၊ နပန်း၊ တိုက်ကွန်ဒို၊ ကရာတေးအာကစားများကိုလည်း ထည့်သွင်း၍ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကာ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲ ထောက်ပံ့ပေးသွားမည်ဟုလည်း သိရသည်။

“ပညာသင်နှစ်စပြီဆိုရင် ဒီအားကစားနည်းတွေပါဖြစ်အောင်ထည့်မယ်ဆိုပြီး ရည်ရွယ်ထားတာပါ။ နောက်ထပ်အားကစားတွေကတော့ ကျောင်းသားတွေရဲ့လက်ခံနိုင်မှုအပေါ်ကြည့်ပြီးအားကစားနည်းတွေ တိုးချဲ့ဖို့ရှိတယ်”ဟု ကျောင်းအုပ်ကြီး ဦးမောင်မောင်မြင့်က ပြောသည်။

အဆိုပါကျောင်းကို ဖွင့်လှစ်ရန်စီစဉ်ခြင်းမှာ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရန်၊ အားကစားနည်းပြဆရာများ မွေးထုတ်နိုင်ရန်၊ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ ၁၂၀ မှ ၁၆၀ ကြား လက်ခံမည်ဟုသိရသည်။