စစ်တွေက ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကောင်စီ ဖိအားပေးရုံးတက်ခိုင်းနေ၍ ဝေဖန်မှုမြင့်တက်

တိုက်ပွဲများတဖြည်းဖြည်း မြို့နှင့်နီးကပ်လာသည့်အတွက်ကြောင့် ဌာနဆိုင်ရာဝန်ထမ်းများမှာ လုံခြုံရေး စိုးရိမ်ချက်မြင့်တက်နေပြီး နေရာအပြောင်းအလဲ စာတင်တောင်းဆိုထားကြသော်လည်း စစ်ကောင်စီက ဥပက္ခာပြုထားသည်ဟု စစ်တွေမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများက ဆိုကြသည်။

By Admin 18 Jan 2025

ပုံစာ - စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်အား ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
ပုံစာ - စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်အား ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၁၈

စစ်ရေး အရှိုန်မြင့်လာနေသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် စစ်ကောင်စီသည် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေး၍ ရုံးပုံမှန်တက်ခိုင်းနေကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူများထံမှသိရသည်။

တိုက်ပွဲများတဖြည်းဖြည်း မြို့နှင့်နီးကပ်လာသည့်အတွက်ကြောင့် ဌာနဆိုင်ရာဝန်ထမ်းများမှာ လုံခြုံရေး စိုးရိမ်ချက်မြင့်တက်နေပြီး နေရာအပြောင်းအလဲ စာတင်တောင်းဆိုထားကြသော်လည်း စစ်ကောင်စီက ဥပက္ခာပြုထားသည်ဟု စစ်တွေမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများက ဆိုကြသည်။

“အခုက တိုက်ပွဲတွေလည်း ပိုပြင်းလာတယ်။ လက်နက်ကြီး ပစ်သံတွေလည်း တော်တော်ကြားရတော့ နေရတာရော အလုပ်လုပ်ရတာ‌ရော မလုံခြုံတော့ဘူ။ ဒါပေမဲ့ ရုံးတွေကိုတော့ ပုံမှန်အတိုင်းဖွင့်ခိုင်းထားတယ်” ဟု စစ်တွေမြို့ခံဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ဇန်နဝါရီ ဒုတိယအပတ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကြောင့် တိုက်ပွဲများဖြစ်နေကြောင်း AA နှင့် နီးစပ်သူများထံမှသိရသည်။

တည်ငြိမ်မှုမရှိတော့သည့် စစ်တွေမြို့အခြေအနေအား တည်ငြိမ်နေသကဲ့သို့ သူတို့၏ ယန္တရားများကို အတင်းအဓ္ဓမလည်ပတ်ခိုင်းနေခြင်းသည် ခြိမ်းခြောက်ခိုင်းနေခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက ဝေဖန်နေကြသည်။

စစ်တွေမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများအား နေရာအပြောင်းအရွေ့ကိစ္စများအား ခွင့်မပြုသည့်အတွက်ကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှောင်တိမ်းရန်ပြင်ဆင်နေကြကြောင်း ဝန်ထမ်းများနှင့်နီစပ်သူများက ဆိုကြသည်။

လက်ရှိတွင် စစ်တွေမြို့တွင် စစ်ကောင်စီ၏ တရားရုံး၊ အခွန်ဌာန၊ လဝကရုံး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာသနာ ရေးဦးစီးဌာန၊ ကျောင်းနှင့်ဆေးရုံများမှာ ပုံမှန်ဖွင့်ထားသော်လည်း လည်ပတ်မှုမရှိတော့ကြောင်း သိရသည်။

“ရုံးတွေကတော့ ဟန်ပြဖွင့်ထားတယ်။ ပြည်နယ်ရုံးတွေဆိုတော့ ပြည်နယ်နဲ့ဆိုင်တဲ့ အခွန်ကိစ္စတို့ တရားရေး ကိစ္စ တို့က သိပ်အလုပ်မရှိတော့ဘူလေ။ ဒီတိုင်း လူကြီးတွေ ရောက်ရင် အလုပ်လုပ်ပြရတဲ့ အခြေအနေပဲ ရှိနေတာပါ။ တကယ်တော့ ထိန်းချုပ်နယ်မြေမှ မရှိတော့တာ။ လူကြီးတွေကလည်း စစ်ရေးကိစ္စနဲ့ပဲ အလုပ်ရှုပ်နေကြတာ” ဟု ဌာန ဆိုင်ရာဝန်ထမ်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ထိုသို့ ဌာနဆိုင်ရာဝန်ထမ်းများ၏ လုံခြုံရေးထည့်မတွက်ဘဲ အတင်းရုံးတက်ခိုင်းနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့  ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းအပါအဝင် ဝန်ကြီးများအဖွဲ့သည် လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အပေါ်  သစ္စာရှိရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

“ဝန်ထမ်းများ၏ တိုင်းပြည်အကျိုးအတွက်တာဝန်ကို ဦးလည်းမသုန်ဆောင်ရွက်နေမှုကို အသိအမှတ်ပြုကြောင်း” ဝန်ကြီးချုပ် ဦးထိန်းလင်းက ပြောကြားခဲ့ကြောင်း ဦးလှသိန်းကလူမှုကွန်ရက် စာမျက်နှာတွင် ရေးခဲ့သည်။

လက်ရှိ ရခိုင်ဒေသ မြို့နယ် ၁၇ ခုထဲက ၁၄ ခုကို အာရက္ခတပ်တော်က အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားနေရာတွင် ULA က အစားထိုးနေရာယူထားသည်။ ယင်းကြောင့် စစ်ကောင်စီ၏ မြို့နယ်၊ ခရိုင်ဌာနဆိုင်ရာ လုပ်ငန်းများမှာ လုံးဝမရှိတော့ဘဲ ပြည်နယ်ဆင့်နှင့် တစ်မြို့တည်းသာ ရှိတော့ခြင်းဖြစ်သည်။ 

ထိုသို့ ဌာနဆိုင်ရာဝန်ထမ်းများကို လုံခြုံရေးအာမခံချက်မရှိဘဲ စစ်ကောင်စီက ဖိအားပေးရုံးတက်ခိုင်းနေရခြင်းမှာ စစ်တွေမြို့သည် ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တယားပုံမှန်လည်ပတ်နေကြောင်း ပြသလို၍ဖြစ်ကြောင်း ဒေသခံများက ဝေဖန်သည်။

“ဝန်ထမ်းတွေကို လုံခြုံမှုအာမခံချက် ဘာမှပေးနိုင်ဘဲ ဖိအားပေးရုံးတက်ခိုင်းနေတာကတော့ စစ်တွေမှာ ဘာမှမဖြစ်သေးဘူးဆိုပြီး ဝါဒဖြန့်ပြီး အတင်းလုပ်နေတာ။ တကယ်တော့ အလုပ်လည်းဘာမှမရှိတော့ဘူး။ အောက်ခြေက နယ်အဆင့်မြို့တွေမရှိတော့ လည်ပတ်လို့မှ မရတော့တာ။ ဒါတွေကတော့ ဝန်ထမ်းတွေကို ပိတ်လှောင်ထားပြီးတော့ လုပ်ချင်ရာလုပ်လို့ရတဲ့ သဘောလို့ ဆိုရမယ်။ ကျနော်တို့က လုံခြုံရေးကို အဓိက လိုလားတယ်” ဟု စစ်တွေမြို့ကနေ ရခိုင်ပြည်တွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဝေဖန်သည်။

စစ်ရေးအရှိန်မြင့်လာသဖြင့် လတ်တလောတွင် စစ်တွေမြို့ခံများမှာ ရန်ကုန်နှင့် အခြားပြည်ပသို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိလာနေကြောင်းသိရသည်။ သို့သော်လည်း ငွေကြေးမတတ်နိုင်သည့် မြို့ခံများမှာ ကုန်းလမ်းရေလမ်း ပိတ်ဆို့ခံထားရသည့် စစ်တွေမြို့တွင်း သွားစရာနေရာမရှိဘဲ ပိတ်မိနေကြောင်း ပြောဆိုသည်။

အာရက္ခတပ်တော်သည် စစ်တွေမြို့အား ထိုးစစ်ဆင်တိုက်ခိုက်လာမည်ကိုစိုးရိမ်၍ စစ်ကောင်စီသည် လုံခြုံရေးတင်းကြပ်ထားသည့်အပြင် လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် စစ်တွေမြို့နယ်အစပ် ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။