စစ်ရေးပဋိပက္ခကြား ပြည်သူများတိမ်းရှောင်ရန် နယ်မြေကျဉ်းကျပ်လာ

စစ်ရေးနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးမှာ ပိုမိုခြိမ်းခြောက်ခံနေရသည်ဟု BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်စာစောင်တွင် ဖော်ပြသည်။

By Admin 13 Jun 2024

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် မောင်တောဒေသခံများ။ (Pann Kyaw Duu)
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် မောင်တောဒေသခံများ။ (Pann Kyaw Duu)

DMG ၊ ဇွန် ၁၃ 

မြန်မာနိုင်ငံအတွင်း စစ်ရေးအရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ စစ်မက်ဖြစ်ပွားရာနယ်မြေလည်း တရွေ့ရွေ့ ကျယ်ပြန့်လာနေသဖြင့် ပြည်သူများအတွက် တိမ်းရှောင်စရာနယ်မြေ ကျဉ်းကျပ်လာနေကြောင်း BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်စာစောင်က ဖော်ပြသည်။ 

BNI လေ့လာချက်အရ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြသည့် ဖြစ်စဉ်အများစုမှာ ကျေးရွာအတွင်း စစ်ကောင်စီ စစ်ကြောင်းများဝင်ရောက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခံရခြင်းနှင့် လေကြောင်းဗုံးကြဲမှုတို့ကြောင့် ဖြစ်သည်။  

စစ်ရေးပြင်းထန်သည့် ရခိုင်ဒေသတွင်လည်း စစ်ကောင်စီက လမ်းခရီးသွားခွင့် ပိတ်ဆို့ထား၍ ဒေသခံများမှာ ဘေးလွတ်ရာတိမ်းရှောင်ရန် အခက်အခဲရှိနေပြီး တိုက်ပွဲဧရိယာအတွင်း၌ ကိုယ်လွတ်ရုန်းထွက်ပြေးနေရသည်။ 

“ကျမတို့က ဘေးလွတ်ရာသို့ ထွက်ပြေးချင်ပေမဲ့ လမ်းတွေအကုန်လုံးကို စစ်ကောင်စီက ပိတ်ထားတယ်။ တိုက်ပွဲပြင်းတဲ့ရက်တွေဆို နီးစပ်ရာကျေးရွာအနီးတွေကိုပဲ လှည့်ပတ်တိမ်းရှောင်နေရတယ်” ဟု သံတွဲမြို့နယ်၊ ကျိတ်တောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ရေးနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးမှာ ပိုမိုခြိမ်းခြောက်ခံနေရသည်ဟု BNI က ဆိုသည်။  

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နှင့် ၅ ရက်တွင် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ၁၄ ဦးသေဆုံးပြီး၊ ၂၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

စစ်ကောင်စီနှင့် AA တို့ ငပလီမြို့နှင့် နှစ်မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားနေထိုင်ရာများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ တိုက်ပွဲအတွင်းပိတ်မိကာ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

စစ်တွေမြို့နယ်ရှိ ကျေးရွာ ၁၀ ကျော်ကိုလည်း မြို့ပေါ်သို့ပြောင်းရွှေ့ရန် စစ်ကောင်စီက ဖိအားပေးစေခိုင်းထား၍ ဒေသခံများမှာ လူသားဒိုင်းအဖြစ် အသုံးချခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။ 

“အုပ်ချုပ်ရေးမှူးကတစ်ဆင့် ခေါ်လာတာ။ ဘာကြောင့် ပြောင်းရွှေ့ခိုင်းတာလည်း မသိဘူး။ ကျမတို့က မြို့ပေါ်ကို မပြောင်းချင်ဘူး။ သူတို့(စစ်ကောင်စီ)က အမိန်ပေးစေခိုင်းလို့ ပြောင်းရတာ။ လုံခြုံမှုမရှိသလို ခံစားရတယ်” ဟု စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဇွန်လပထမအပတ်အတွင်း မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီတပ်၏ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသူ စုစုပေါင်း ၈,၅၀၀ ဝန်းကျင်ထိရှိသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်ထိ ငါးလကျော်အတွင်း မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၅၆၂,၀၀၀ ကျော်အထိရှိနေကြောင်း BNI ၏ မှတ်တမ်းများတွင် ဖော်ပြသည်။  

“အိမ်ကိုစွန့်ပြီးထွက်ပြေးလာတာ ငါးလနီးပါးရှိသွားပြီ။ ပါလာတာတွေလည်း ထုခွဲရောင်းချစားသောက်လို့ ကုန်နေပြီ။ မိုးတွင်းကာလဖြတ်သန်းဖို့ ကျန်းမာရေး၊ အမိုးအကာ၊ စားနပ်ရိက္ခာ အခက်အခဲတွေက အများကြီးပဲ” ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမှာ နေ့စဉ်တိုးလာနေပြီး စားနပ်ရိက္ခာနှင့် လူသားချင်းစာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များမှာ စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။ 

ဗီဒီယိုများ