ငါးရှာသွားစဉ် မိုင်းနင်းမိ၍ တောင်ကုတ်ဒေသခံတစ်ဦး ဒဏ်ရာရ

သုသာန်ဟောင်းတောင်ခြေအနီးရှိ စစ်ကောင်စီ၏ ခမရ (၅၄၄) တပ်ရင်းအနီးတစ်ဝိုက်တွင် မိုင်းထောင်ထားသဖြင့် ဒေသခံများအတွက် အန္တရာယ်ရှိနေကြောင်း ပြောကြသည်။

By Admin 14 Aug 2024

ဓာတ်ပုံ - Dwayarwad Community Base News Agency 
ဓာတ်ပုံ - Dwayarwad Community Base News Agency 

DMG ၊ ဩဂုတ် ၁၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ သုဿာန်ဟောင်းတောင်ခြေတွင် ငါးရှာပြီးပြန်လာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့၊ မီးစက်ကွက်သစ်တွင် နေထိုင်သည့် အသက် (၃၆) နှစ်အရွယ် ကိုမောင်ပုဆိုသူမှာ ဩဂုတ်လ ၁၃ ရက်၊ ညနေ ၄ နာရီခန့်က မြို့တောင်ဘက်အစွန်ရှိ နာရေးကူညီမှုအသင်းရုံးအနီး သုသာန်ဟောင်းတောင်ခြေ၌  ငါးရှာပြီး ပြန်လာစဉ် မိုင်းနင်းမိခြင်းဖြစ်သည်။

“ဒဏ်ရာက ပြင်းပေမယ့် အသက်အန္တရာယ်တော့ မရှိတော့မရှိပါဘူး။ ဘယ်ခြေထောက်တော့ ပြတ်သွားတယ်။ အခုကတော့ ကုတင် ၁၀၀ ဆေးရုံမှာ ကုနေတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သုသာန်ဟောင်းတောင်ခြေအနီးရှိ စစ်ကောင်စီ၏ ခမရ (၅၄၄) တပ်ရင်းအနီးတစ်ဝိုက်တွင် မိုင်းထောင်ထားသဖြင့် ဒေသခံများအတွက် အန္တရာယ်ရှိနေကြောင်း ဂူတာရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တပ်နားတွေမှာ မိုင်းထောင်ထားတယ်လို့ သိထားတာက ကြာနေပြီ။ သိတဲ့လူတွေကတော့ အနားကိုတောင် မကပ်ရဲကြဘူး။ ဒါပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရမယ့် လူတွေကတော့ အရဲစွန့်ပြီး ရှာစားကြရတာပဲ။ စစ်သားတွေ မိုင်းထောင်လေလေ လူတွေပိုပြီး ထိလေလေဖြစ်နေပြီ။ ဘယ်နေရာမှာ ထောင်ထားမှန်းလည်း မသိတော့ နေရာတိုင်းလိုလို အန္တရာယ်များတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း တောင်ကုတ်မြို့၊ ကရုဏာဆည်သို့ ဟင်းသွားရှာစဉ် မိုင်းပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ခြေပြတ်ဒဏ်ရာရရှိခဲ့သည်။

အလားတူပင် မေလ ၆ ရက်ကလည်း သုသာန်တောင်သို့ ဟင်းသွားရှာစဉ် မိုင်းပေါက်ကွဲမှုကြောင့် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ရေးကာလအတွင်း ရခိုင်ဒေသတွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ တိုးလာနေပြီး တောင်ကုတ်မြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူ ၄ ဦးအထိ ရှိလာပြီဖြစ်သည်။

လက်ရှိ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ထားပြီး နေရာအနှံ့ လုံခြုံရေးယူထားကာ မြို့အဝင် အထွက်ကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ထားသည်။