တောင်ကုတ်တွင် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေးအပါအဝင် ၅ ဦး ထိခိုက်သေဆုံး

စက်တင်ဘာ ၂၄ ရက် ညအချိန်တွင် ဂျက်တိုက်လေယာဉ်ပေါ်မှ ကြဲချလိုက်သောဗုံးမှာ ရွာသစ်ဈေး၊ ရွှေပြည်သာဆိပ်ကမ်းနှင့် ရဲစခန်းအနီးတို့တွင် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

By Admin 25 Sep 2024

ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် တန်းလွဲရွာမမြို့မှ နေအိမ်များ။ (ဓာတ်ပုံ -  တန်းလွဲဌာနီ/ Facebook Page)
ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် တန်းလွဲရွာမမြို့မှ နေအိမ်များ။ (ဓာတ်ပုံ -  တန်းလွဲဌာနီ/ Facebook Page)

DMG ၊ စက်တင်ဘာ ၂၅ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်အပါအဝင် ၂ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

သေဆုံးသူများမှာ အသက် (၆)နှစ် အရွယ် ကလေးတစ်ဦးနှင့် အသက် (၂၃)နှစ်အရွယ် ကိုအောင်သူရ ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်သည်။ 

ယမန်နေ့ စက်တင်ဘာ ၂၄ ရက် ညအချိန်တွင် ဂျက်တိုက်လေယာဉ်ပေါ်မှ ကြဲချလိုက်သောဗုံးမှာ ရွာသစ်ဈေး၊ ရွှေပြည်သာဆိပ်ကမ်းနှင့် ရဲစခန်းအနီးတို့တွင် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

“မနေ့က ည ၈ နာရီလောက်မှာ လာချသွားတာ။ ချတော့ သားမိနှစ်ယောက်မှာ သားကသေပြီး အမေက လက်ပြတ်သွားတယ်။ နောက် ယောကျ်ားတစ်ယောက်ပါ သေသွားတယ်။ ပြီးတော့ ကလေးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ နောက်ထပ် ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ကြားတယ်။ အတိအကျကတော့ မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဒဏ်ရာရရှိသူများမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး လက်ပြတ်သွားသည့် အမျိုးသမီးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

စစ်ကောင်စီက တန်းလွဲရွာမမြို့ကို ပေါင် ၅၀၀ ဗုံး၊ ပဒေသာဗုံး ဟုခေါ်သော အတွဲလိုက် ဆင့်ကွဲပေါက်ကွဲစေသည့်  ဖျက်အားပြင်း ကလပ်စတာဗုံး မျိုးဖြင့် (၅) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“အခုဆိုရင် စစ်ကောင်စီက ပဒေသာဗုံးတို့လို ဖျက်အားပြင်း ဗုံးတွေကို ပိုသုံးလာတယ်။ တိုက်ပွဲမဖြစ်ဘဲ အရပ်သား၊ စစ်သားမခွဲတော့ဘဲ အကြမ်းဖက် တိုက်ခိုက်နေတာကြောင့် အခုလို အရပ်သားတွေ တော်တော်များများ ထိခိုက်နစ်နာနေရတယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက မကြာခဏ လေကြောင်းဗုံးတိုက်ခိုက်မှုများလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေသည်။ 

ယခုလအတွင်း တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၆ ဦးထက်မနည်းရှိနေသည်။