မိုးသည်းစွာရွာသွန်းမှုကြောင့်  တောင်ကုတ်၊ သံတွဲ၊ ဂွတွင် ရေကြီးနေ

တောင်ကုတ်မြို့ သိမ်တောင်၊ ချောင်းကောက်၊ မီးစက်ကွက်သစ်၊ ဆေးရုံကွက်သစ်နှင့် ကံပိုင်ရပ်ကွက်များအပြင် မြို့အနီးအနားရှိ ကျေးရွာတချို့တွင် ရေကြီးမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

By Admin 25 Jul 2024

မိုးသည်းစွာရွာသွန်းမှုကြောင့်  တောင်ကုတ်၊ သံတွဲ၊ ဂွတွင် ရေကြီးနေ

DMG ၊ ဇူလိုင် ၂၅

ရခိုင်ပြည် တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဇူလိုင်လ ၂၀ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့ သိမ်တောင်၊ ချောင်းကောက်၊ မီးစက်ကွက်သစ်၊ ဆေးရုံကွက်သစ်နှင့် ကံပိုင်ရပ်ကွက်များအပြင် မြို့အနီးအနားရှိ ကျေးရွာတချို့တွင် ရေကြီးမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မြေနိမ့်နေရာတွေ၊ ချောင်းနဲ့နီးတဲ့နေရာတွေ ရေမြုပ်နေတယ်။ ချောင်းနဲ့နီးတဲ့နေရာတွေဆို ရေခြောက်ပေနီးပါးထိ တက်တာရှိတယ်။ ချောင်းနဲ့အလှမ်း‌တဲ့နေရာတွေကတော့ သုံးပေလောက်ထိ မြုပ်နေပြီ။ ကျနော့်အိမ်မှာလည်း သုံးပေလောက် တက်နေပြီ” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းက စိုးရိမ်ရေမှတ်ရှိသည့် တောင်ကုတ်ချောင်းရေသည် မွန်းလွဲပိုင်းတွင် ဆက်လက်မြင့်တက်လာရာ အမြင့်ပိုင်းရပ်ကွက်များမှ နေအိမ်များသို့ တရိပ်ရိပ်တက်လာနေကြောင်း သိရသည်။ 

အလားတူ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင်လည်း အံတော်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်တို့အပြင် ကျေးရွာအများအပြား ရေနစ်မြုပ်နေသည်။ 

“ရေဆက်တက်မယ်ဆိုရင် ရေကန်တွေထဲက ရေတွေ မသန့်တာတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ကြုံရနိုင်တယ်။ စစ်ဖြစ်လိုက်၊ ရာသီဉတုနှိပ်စက်လိုက်နဲ့ ဘယ်လိုမှ တောင့်မခံနိုင်ကြတော့ဘူး။ တော်တော်ဒုက္ခရောက်နေကြပြီ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင်လည်း ကျေးရွာအချို့နှင့် ကျိန္တလီမြို့အနီး ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများရှိနေသည်။ ဂွမြို့နယ်တွင် သံတွဲမြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသူ အများအပြားလည်း ရှိနေသည်။ 

ကျိန္တလီဒေသခံတစ်ဦးက “စစ်ဘေးရှောင်တွေက နဂိုကလည်းက အဆင်မပြေကြတာ။ အခု သူတို့ရှောင်နေတဲ့ တချို့ရွာတွေ ရေမြုပ်နေပြီဆိုတော့ သူတို့တွေအနေနဲ့ ပိုပြီးခက်ခဲတယ်” ဟု ပြောသည်။ 

လက်ရှိတွင် ရေနစ်မြုပ်ဒေသခံများရှိ ဒေသခံများမှာ ရေလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြပြီး ရေကျမည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။ 

ရေကြီးရေလျှံမှုပိုများလာပါက အရေးပေါ်ကယ်ဆယ်ရေးများ လိုအပ်နိုင်ပြီး လက်ရှိတွင် ဖုန်းလိုင်းပြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး ရခိုင်ဒေသတွင် မိုးကြီးနိုင်သေးကြောင်း သိရသည်။

ဗီဒီယိုများ