တောင်ကလေးရဲကင်း တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရွာ ရဲကင်းစခန်းကို နိုဝင်ဘာ ၂၁ ရက် နေ့က ကော်သူးလေတပ်မတော်(KTLA)နှင့် ကေအန်ယူ တပ်မဟာ၆ KNLA တပ်ရင်း ၁၆ အပါဝင် ပူးပေါင်းအဖွဲ့ မှ တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဒေသခံ နှစ်ထောင်ကျော် ထွက်‌ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By Admin 23 Nov 2022

တောင်ကလေးရဲကင်း တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

တောင်ကလေးရဲစခန်းကို KTLA ပူးပေါင်းအဖွဲ့ မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ဖော်ပြထားစဥ်။

DMG | နိုဝင်ဘာ ၂၃

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရွာ ရဲကင်းစခန်းကို နိုဝင်ဘာ ၂၁ ရက် နေ့က ကော်သူးလေတပ်မတော်(KTLA)နှင့် ကေအန်ယူ တပ်မဟာ၆ KNLA တပ်ရင်း ၁၆ အပါဝင် ပူးပေါင်းအဖွဲ့ မှ တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဒေသခံ နှစ်ထောင်ကျော် ထွက်‌ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုသို့ တောင်ကလေး ရဲကင်းစခန်းတွင် စစ်ကောင်စီတပ်နှင့် KTLA ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်သုံးစီး၊ ရဟတ်ယာဥ် နှစ်စီးဖြင့် တနေ့လုံးနီးပါးကြာ ကျေးရွာအနီးတဝိုက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

“ နံနက် ၄ နာရီမှာ ရဲကင်းစခန်းကို ဝင်စီးပြီး တိုက်တယ်။ စစ်ကောင်စီက ဂျက်တိုက် လေယာဥ်သုံးစီးနဲ့ စခန်းအနီးကို ဗုံးကြဲတယ်။ နောက် မော်လမြိုင်က ရဟတ်ယာဥ်နှစ်စီးနဲ့ ရွာအနီးတဝိုက်ကို တနေ့ လုံး နီးပါး ဗုံးကြဲတိုက်ခိုက်သွားတယ် ” ဟု အဆိုပါသတင်းအရင်းအမြစ်ကပြောသည်။

ယင်းသို့ လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် တောင်ကလေးကျေးရွာ ဒေသခံများမှာ နီးစပ်ရာ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ဒေသခံ နှစ်ထောင်ဝန်းကျင် အထိရှိနေကြောင်း ဒေသခံများထံက သိရသည်။

“ မနေ့က ရွာထဲကိုဗုံးကြဲတာ တော်တော်လေးကို ဆိုးတယ်။ ရဟတ်ယာဥ်နဲ့ တောက်လျှောက်ဗုံးကြဲတော့ ရွာထဲမနေရဲတော့ အနီးအနားက တောထဲကို ထွက်ပြေးခဲ့ရ ပါတယ် ” ဟု စစ်ဘေးရှောင် ဒေသခံ တစ်ဦးက ဆိုသည်။

ထို့အပြင် အဆိုပါ နေရာများသို့ မုဒုံမြို့နယ် ခုနစ်ခွေ တောင်ခြေရင်းရှိ( ၃၁၃ )အမြှောက်တပ်နှင့် ကြံတောကျေးရွာ ကြာအင်းကွေ့ သံချပ်ကာ အမြှောက်ကားနှစ်စီးတို့မှ တောင်ကလေးအနီး ကျေးရွာများဖြစ်သည့် ကဒါ ၊ လှာကဇိုင်းနှင့် ကြံတောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း လည်း သိရသည်။

ယင်းသို့ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ကလေးကျေးရွာရှိ ဘုန်းတော်ကြီး (၁) ကျောင်းအပါအဝင်နေအိမ် (၅)လုံးကျော် ပျက်စီးခဲ့ကာ အသက် ၄၀ နှစ်ဝန်းကျင် ကျေးရွာဒေသခံ တစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးဝန်းကျင်အထိ ရှိခဲ့ကြောင်း တောင်ကလေးကျေးရွာ လူမှုကူညီရေးအသင်းထံက သိရသည်။

“ ရွာထဲက ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ရဟတ်ယာဥ်နဲ့ပစ်တာ မှန်သွားတယ်။ အိမ်တွေကတော့ လက်နက်ကြီး ရမ်းပစ်လို့ မှန်တာ။ ရွာထဲက တစ်ယောက်လမ်းပေါ်မှာ ရှိနေတုန်း လက်နက်ကြီး ကျည်ထိသွားပြီးတော့ သေတယ်။ နောက်ထပ် ၁၀ ဦးဝန်းကျင်လောက်ကတော့ ဒဏ်ရာ ပြင်းတယ်။ လူနာတွေ ကယ်ထုတ်ဖို့သွားတဲ့ မော်လမြိုင်နဲ့မုဒုံက အဖွဲ့တွေကို စစ်တပ်က ဝင်ခွင့်မပေး တော့ တညလုံးနီးပါး စောင့်ခဲ့ရတယ်။ ရွာထဲက အဖွဲ့ကပဲ အဆင်ပြေသလို ပြုစုထားရတယ် ” ဟု တောင်ကလေး ကျေးရွာ လူမှုကူညီရေး အသင်းဝင်တစ်ဦးကဆိုသည်။

တောင်ကလေးကျေးရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရမှုနှင့်ပက်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည် းပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပေ။

တောင်ကလေးကျေးရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး အပါအဝင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း (၁၆) ဦး ထိခိုက် သေဆုံးခဲ့ပြီး လက်နက်ငယ် (၁၀) လက် ၊ (၆၀) မမ (၁) လက် နှင့်အတူ ကျည် (၂၀၀၀) ကျော်ဝန်းကျင် သိမ်းဆည်းရမိခဲ့ကြောင့် ကော်သူးလေ တပ်မတော် (KTLA) Lion Battalion Commando - ဗျူဟာစစ်ကြောင်းက နိုဝင်ဘာ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။