တောင်ကုတ်တွင် စစ်ကောင်စီ လေကြောင်းထပ်မံဗုံးကြဲ၍ အရပ်သားတစ်ဦးဒဏ်ရာရ 

ဩဂုတ် ၃၁ ရက်တွင် စစ်ကောင်စီ ကြဲချလိုက်သောဗုံးမှာ ခရိုင်ကျွန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အနီးအနားရှိ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရရှိသွားခြင်းဖြစ်သည်။

By Admin 01 Sep 2024

တောင်ကုတ်တွင် စစ်ကောင်စီ လေကြောင်းထပ်မံဗုံးကြဲ၍ အရပ်သားတစ်ဦးဒဏ်ရာရ 

DMG ၊ စက်တင်ဘာ ၁

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲမှုကြောင့် ခရိုင်ကျွန်းကျေးရွာမှ အရပ်သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ 

ဩဂုတ် ၃၁ ရက်တွင် စစ်ကောင်စီ ကြဲချလိုက်သောဗုံးမှာ ခရိုင်ကျွန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အနီးအနားရှိ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရရှိသွားခြင်းဖြစ်သည်။ 

“ဂျက်ဖိုင်တာနဲ့လာကြဲသွားတာ။ ဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်၊ သူက ကျည်စထိမှန်ပြီးဒဏ်ရာရှိသွားတာ။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူး။ နောက်ထပ် ရွာပြင်မှာလည်း တစ်လုံးကျတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့က ခရိုင်ကျွန်းကျေးရွာအပြင် ဖုန်ညို၊ ခေါင်းလောင်းတူ၊ တရဂူကျေးရွာများကိုလည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု၊ တပ်စခန်းများမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုနေမှုကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်၍ ဘေးလွတ်ရာနေရာအသီးသီးတွင် တိမ်းရှောင်နေကြ သည်။

“တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘဲနဲ့ ဒီအတိုင်း ထင်ရာစိုင်းပြီး ဗုံးကြဲနေတော့ မနေရဲကြတော့ဘူး။ ဒါကြောင့် လုံခြုံမဲ့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာမှ မွေးကင်းစ ကလေးမိခင်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့သည်။ 

ဩဂုတ် ၁၆ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ရွှေကွမ်းစမ်းကျေးရွာအနီးရှိ မိုးပညာဒါနသင်တန်းကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင်ဗုံးကြဲခဲ့ပြီး ဗုံးသီး ၅ လုံးပေါက်ကွဲခဲ့သည်။

စစ်ကောင်စီက စစ်ရာဇဝတ်ကျိုးဖောက်နေမှုများကြောင့် ရခိုင်တွင် အရပ်သားထိခိုက်သေဆုံးမှု လစဉ်တိုးလာနေပြီး ဩဂုတ်လအတွင်း အရပ်သား ၇၂ ဦးထိ သေဆုံးဒဏ်ရာရရှိခဲ့သည်။ 

“စစ်ကောင်စီက မဆင်မခြင်လုပ်နေတဲ့အတွက် ပြည်သူတွေမှာ ကျီးလန်းစာစား ဖြစ်နေကြရတယ်။ လုံခြုံမှုနေရာတွေကိုလည်း တိမ်းရှောင်လို့မရ၊ အကုန်လုံးကို သိမ်းကျုံးတိုက်ခိုက်နေလို့ လုံတဲ့နေရာဆိုတာလည်း မရှိတော့ဘူး”  ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

‌တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့်အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိသည်။ 

တောင်ကုတ်မြို့တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅)၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိပြီး စစ်အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားသည်။