စစ်ကြောရေး ရိုက်နှက်ဒဏ်ရာကြောင့် ဗျိုင်းဖြူရွာသား ၂၀ ကျော် ဆေးကုနေရ

အသက် ၂၀ မှ ၃၀ ကျော်အရွယ် အမျိုးသားများဖြစ်ပြီး ပြီးခဲ့သည့်အပတ်က စစ်ကောင်စီတပ်ရင်းများကနေ စစ်တွေဆေးရုံသို့ လာပို့ခြင်းဖြစ်ကြောင်း ဆေးရုံနှင့်နီးစပ်သူများက ပြောသည်။

By Admin 21 Jun 2024

စစ်ကြောရေး ရိုက်နှက်ဒဏ်ရာကြောင့် ဗျိုင်းဖြူရွာသား ၂၀ ကျော် ဆေးကုနေရ

DMG ၊ ဇွန် ၂၁

စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာသား ၂၅ ဦးမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

အသက် ၂၀ မှ ၃၀ ကျော်အရွယ် အမျိုးသားများဖြစ်ပြီး ပြီးခဲ့သည့်အပတ်က စစ်ကောင်စီတပ်ရင်းများကနေ စစ်တွေဆေးရုံသို့ လာပို့ခြင်းဖြစ်ကြောင်း ဆေးရုံနှင့်နီးစပ်သူများက ပြောသည်။

“ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ခံထားရတာ။ ခြေထောက်တွေမှာ ညိုမဲဒဏ်ရာတွေနဲ့ ဒဏ်ရာလည်းပြင်းတယ်။ တစ်ကိုယ်လုံးဒဏ်ရာတွေပါ။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ သွေးအန်သူတွေလည်းရှိတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

အဆိုပါလူနာများကို မိသားစုဝင်များ၊ နီးစပ်သူများက ပြုစုပေးနေပြီး ဓာတ်မှန်ရိုက်ရန်နှင့် တခြားဆေးဝါး လိုအပ်ချက်အတွက် ငွေကြေးအခက်အခဲ ရှိနေကြောင်း သိရသည်။  

ဇွန် ၁၁ ရက်ကလည်း စစ်ကြောရေးအတွင်း ရိုက်နှက်ဒဏ်ရာများကြောင့် ဗျိုင်းဖြူကျေးရွာမှ ဦးကံသိန်းထွန်းနှင့် ဦးမဲလာ တို့ နှစ်ဦးမှာ စစ်တွေဆေးရုံးကြီး၌ သေဆုံးခဲ့ရသည်။

ဗျိုင်းဖြူရွာသားတစ်ဦးက “ပြန်မလွတ်လာတဲ့သူတွေအတွက် အများကြီး စိုးရိမ်နေရပါတယ်။ စစ်ကောင်စီ လက်ထဲမှာဆိုတော့ အသက်အာမခံချက်မရှိဘူး” ပြောသည်။  

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇၀ ကျော် ဗျိုင်းဖြူရွာထဲ ဝင်ရောက်လာပြီး ရွာသား ၇၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးများအား အဓမ္မကျူးလွန် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ 

ယင်းနောက် ဒေသခံ ၃၀၀ ကျော်ကို စစ်တွေအခြေစိုက် ခလရ (၂၀)နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ နှစ်ပတ်ခန့်အကြာတွင်  ၅၀ ဦးကို ရဲလက်အပ်ပြီး ၅၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ 

ရဲလက်အပ်ခံရသူများထဲမှ ၈ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၃၀ ဦးကို ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီထိန်းသိမ်းထားသော ဗျိုင်းဖြူရွာသား ၁၀၀ ကျော် ရှိနေသေးသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ - ၂၀၂၀ စစ်ရေးကာလကလည်း စစ်ကောင်စီစစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုကြောင့် အရပ်သားသေဆုံးသူ ၂၀ ဦးထက်မနည်း ရှိခဲ့သည်။

ဗီဒီယိုများ