- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က အကြမ်းဖက်ဥပဒေဖြင့်စွဲဆိုထားသည့်အမှုများ ပြန်လည်ရုပ်သိမ်းရေး တစ်စုံတစ်ရာထူးခြားမှုမရှိသေး
ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသောအမှုများကို ရုပ်သိမ်းပေးရေးမှာ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များနှင့် ရှေ့နေများထံမှ သိရသည်။
24 Aug 2021
DMG ၊ သြဂုတ် ၂၄
ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသောအမှုများကို ရုပ်သိမ်းပေးရေးမှာ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များနှင့် ရှေ့နေများထံမှ သိရသည်။
အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲထားသည့်အမှုများထဲမှ ကျန်ရှိနေသည့်အမှုများကို ရုပ်သိမ်းသွားရန်ရှိသော်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း ပြည်နယ်ကောင်စီက ပြောဆိုထားကာ လက်ရှိအချိန်ထိ ထူးခြားမလာသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကပြောသည်။
မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုဦးလှမောင် ဖမ်းဆီးတရားစွဲဆိုခံထားရမှုနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်စံသာနုက “ဘာကြောင့်နဲ့ မလွှတ်သေးတာလဲဆိုတာကိုသိချင်ပါတယ်။ အကြောင်းပြချက်တစ်ခုမှလည်းမရှိ၊ အမှုလည်း တစ်ခုမှစစ်ဆေးစရာမရှိဘဲ အခုအချိန်ထိမလွှတ်ပေးသေးတာကိုသိချင်တယ်”ဟု ပြောသည်။
ယခင်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သည်။
အကြမ်းဖက်မှုဥပဒေများဖြင့် စွဲဆိုထားသည့်အမှုများကို ရုပ်သိမ်းပေးရေးနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေကို ပြည်နယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား DMG မှမေးမြန်းရာ “ကျနော်တို့ အောက်ခြေကတော့ သိပ်မသိဘူး။ သိရသလောက်တော့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံးအမြော်အမြင်ကြီးကြီးနဲ့လုပ်နေကြတယ်လို့သိတယ်။ (နောက်ထပ်လွှတ်ပေးမယ့်သူတွေ)ရှိတာတွေတော့ ရှိနိုင်တယ်။ ကျနော်လည်း သေသေချာချာမသိဘူး”ဟု ပြောသည်။
ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပြီးနောက် AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်စွဲဆိုထားသည့်အမှုများထဲမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည့် အမှု ၂၁ မှုရှိခဲ့ကြောင်း ပြည်နယ်ကောင်စီ၏ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့အထိ စာရင်းအရသိရသည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။
အကြမ်းဖက်ဥပဒေဖြင့် နှစ်လကြာရှည်စွာဖမ်းဆီးတရားစွဲဆိုခံထားရသူများကို အမြန်ဆုံးလွှတ်ပေးသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။
“အကြမ်းဖက်အမှုတွေက စွဲဆိုထားတာကြာနေပြီ။ တချို့အမှုတွေဆိုနှစ်နှစ်ကျော်ရှိနေပြီ ဘာမှကို အမိန့်တစ်စုံတစ်ရာမချရသေးတဲ့အနေအထားရှိတယ်။ ဆိုတော့ ဒီတရားစွဲဆိုခံထားရသူတွေအတွက် အရမ်းနစ်နာတယ်။ အပြစ်မပေးခင်ကတည်းက ကြိုပြီးတော့ အကြာကြီးဖမ်းဆီးချုပ်နှောင်ထားတာကို ခံနေရတဲ့အနေအထားတွေ့ရတယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိတွင် ၁၀ လခန့်ကြာမြင့်နေပြီဖြစ်သည်။