လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ရခိုင်ဝန်ကြီးချုပ်ဟောင်းအမှုကို စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

25 Jun 2021

DMG ၊ ဇွန် ၂၅

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ ရုံးချိန်းတွင် ဦးညီပုအမှုနှင့်ပတ်သတ်ပြီး လျှောက်လဲချက်ပေးခဲ့ကြောင်းနှင့် လာမည့် ဇူလိုင်လ ၉ ရက်နေ့တွင် အမှုကို စွဲချက်တင်သင့်/မတင်သင့် အမိန့်ချသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွတ်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ ဒီနေ့ လျှောက်လဲချက်ပေးပြီးပြီဖြစ်တယ်။ လာမယ့် ၉ ရက်နေ့မှာ စွဲချက်အမိန့်ချမယ်” ဟု ၎င်းကပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှ တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ကြေငြာချက်နှင့်ပတ်သတ်ပြီး ဦးညီပုမှာ တရားစွဲဆိုခံထားရခြင်းသည်။

သို့သော် ယနေ့ရုံးချိန်း၌ ဦးညီပုနှင့်အမှုနှင့်ပတ်သတ်ပြီး လျှောက်လဲချက်ပေးရာတွင် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ကြေငြာချက်နှင့် ပတ်သတ်မရှိဟု လျှောက်လဲချက်ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“၂ လပိုင်း ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေငြာချက်နဲ့ ပတ်သတ်ပြီး ဦးညီပုကို တရားစွဲတာဖြစ်တယ်။ ဆိုတော့ ကျနော်တို့က လျှောက်လဲချက်မှာတော့ ဦးညီပုဟာ ၂ ရက်နေ့ကပင် ထိန်းသိမ်းခံထားရပြီဖြစ်တယ်ပေါ့။ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေငြာချက်နဲ့ ပတ်သတ်လို့ တာဝန်မရှိဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအချိန်မှာ သူ(ဦးညီပု) က ထိန်းသိမ်းခံထားရပြီဖြစ် တယ်။ဆိုရင် သူနဲ့မဆိုင်ဘူးပေါ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ရုံမျှနဲ့ သူမလုပ်ဘဲ၊ မပါဝင်ဘဲနဲ့ ပြစ်မှုကျူးလွန်တယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး၊အဲဒီလိုလုပ်မယ့် အခြေအနေမရှိဘူးလို့ ပေးခဲ့တယ်” ဟု သူကဆိုသည်။

လက်ရှိတွင် ဦးညီပုမှာ တပ်နယ်မြေတစ်ခုတွင် ထိန်းသိမ်းခံထားရပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း တွေ့ရသည်ဟု အမှုလိုက်ပါဆောင်ရွတ်နေသည့် ရှေ့နေထံမှ သိရသည်။

ဦးညီပုအား စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။