စစ်ကောင်စီ ဗုံးကြဲ၍ တောင်ကုတ်ဒေသခံ ၅ ဦး သေဆုံး

ကံဆိပ်ကျေးရွာတွင် တောင်ကုတ်မြို့နှင့် အခြားကျေးရွာများမှ စစ်ဘေးရှောင်ရာနှင့်ချီ ခိုလှုံနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးသွားခြင်းဖြစ်သည်။

By Admin 18 Jun 2024

ဓာတ်ပုံ - Citizen Journalist
ဓာတ်ပုံ - Citizen Journalist

DMG ၊ ဇွန် ၁၈

ရခိုင်ပြည်၊ တောင်ကုတ်မြို့ အနောက်ဘက် ပန်းတင်းကျွန်းရှိ ကံဆိပ်ကျေးရွာကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍  ဒေသခံ ၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လာကြဲတာ။ သေဆုံးသူက ငါးယောက်ရှိတယ်။ နာမည်တွေကို စုံစမ်းနေတာ၊ ဖုန်းလိုင်းတွေမရလို့ အခက်အခဲရှိသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ကံဆိပ်ကျေးရွာတွင် တောင်ကုတ်မြို့နှင့် အခြားကျေးရွာများမှ စစ်ဘေးရှောင်ရာနှင့်ချီ ခိုလှုံနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးသွားခြင်းဖြစ်သည်။

“သေဆုံးသွားတဲ့အထဲမှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်ထားတဲ့ လူငယ်တွေပါတယ်။ အခုလည်း စစ်ကောင်စီနေဗီက ပန်းတင်းကျွန်းဘက်သို့ လက်နက်ကြီးတွေ လှမ်းပစ်နေတာ ရှိတယ်” ဟု တောင်ကုတ်ဒေသခံ နောက်တစ်ဦးက ပြောသည်။  

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တောင်ကုတ်မြို့အနီးရှိ ကျေးရွာများကို ဗုံးကြဲခဲ့မှုကြောင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးသွားခဲ့ရသည်။

ဇွန်လ ၁၅ ရက်က တောင်ကုတ်မြို့ပေါ် ချောင်းကောက်ရပ်ကွက်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေပြီး ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြသည်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အတွင်း အရပ်သားထိခိုက်သေဆုံးမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်။