စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးကြောင်း ကြေညာ

မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့ကျင်းပခဲ့ပြီး အရေးပေါ်ကာလအဖြစ် သက်တမ်း ၆ လ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

By Admin 31 Jul 2024

စစ်ကောင်စီက အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးကြောင်း ကြေညာ

DMG ၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့(ဇူလိုင် ၃၁) နံနက် ၁၀ နာရီတွင် နေပြည်တော်၌ကျင်းပခဲ့ပြီး အရေးပေါ်ကာလအဖြစ် သက်တမ်း ၆ လ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

အဆိုပါအစည်းအဝေးတွင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲစည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ တညီတညွတ်တည်း ဆုံးဖြတ်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သည်ဟုဆိုကာ တစ်နှစ်သက်တမ်း အုပ်ချုပ်ခဲ့ပြီးနောက် အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးခဲ့ခြင်းသည်မှာ ၆ ကြိမ်အထိ ရှိလာပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်တင်မြှောက်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ဆေးကုသမှုခံယူနေသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတာဝန်ကို ယူထားသည်။