ရခိုင်တွင် ဧက ၂၀၀ ခန့်ရှိသည့်ဒီရေတောတစ်ခုကို “အာရှနေဝန်းဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတော“အဖြစ် သတ်မှတ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ဧက ၂၀၀ ခန့်ရှိသည့် ဒီရေတောတစ်ခုကို “အာရှနေဝန်း ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတော“အဖြစ် အမည်ပေးသတ်မှတ်လိုက်ကြောင်း သိရသည်။

10 Sep 2021

DMG ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ဧက ၂၀၀ ခန့်ရှိသည့် ဒီရေတောတစ်ခုကို “အာရှနေဝန်း ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတော“အဖြစ် အမည်ပေးသတ်မှတ်လိုက်ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် (၈၂)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်အားဂုဏ်ပြုသည့်အနေဖြင့် ယင်းသို့သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒီရေတောမှာ အမ်းမြို့၏တောင်ဘက်တွင်ရှိပြီး ဧက ၂၀၀ ခန့် ကျယ်ဝန်းကာ သက်ဆိုင်ရာ ဆရာတော်များနှင့် ကျေးရွာသားများ၏ သဘောတူညီချက်ကိုရယူကာ သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် ကိုမျိုးလွင်က DMG ကိုပြောသည်။

“ဆရာတော်နဲ့ပတ်သက်ပြီး ရခိုင်မှာကော မြန်မာနိုင်ငံမှာပါ ဒီရေတောတွေမရှိသေးဘူး။ ဒီရေတွေကိုလည်း ထိန်းသိမ်းရာရောက်တယ်။ ဆရာတော်၏ဂုဏ်ကျေးဇူးကို နောင်လာနောင်သားတွေမမေ့စေဖို့နဲ့ ဆရာတော်နဲ့ပတ်သက်ပြီး ဒီရေတောမရှိတဲ့အတွက် ရှိလာစေဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာဖြစ်တယ်"ဟု ၎င်းကဆိုသည်။

အဆိုပါဒီရေတောရှိရာ မြစ်ကမ်းတစ်လျှောက် လုပ်ကိုင်စားသောက်နေကြသည့် ရေလုပ်သားများအနေဖြင့်လည်း ဆရာတော်အား ဂါရဝပြုနိုင်ရန်လည်းရည်ရွယ်ကြောင်း ကိုမျိုးလွင်ကပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့က ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုအမည်ပေးထားသည့် ဒီရေတောရှိရာကျွန်းတွင် ဒီရေပင်များကို စိုက်ပျိုးခဲ့ပြီး အသ်ပေးစာများကိုလည်း ကပ်ထားခဲ့ကြောင်း သိရသည်။

အဆိုပါဒီရေတောအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ”အာရှနေဝန်း ဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတော ထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ“့တစ်ခုကိုလည်း ကျေးရွာပေါင်း ၁၅ ရွာမှ ဆရာတော်များအပါအဝင် ရွာသူ၊ရွာသား(၁၀၀)ခန့်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ကိုမျိုးလွင်ကပြောသည်။

အဆိုပါဒီရေတောကို အသိအမှတ်ပြုခံရရန်အတွက် ULA/AA နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတို့ထံ ယမန်နေ့က စာဖြင့်တင်ပြပြီးအကြောင်းကြားထားသည်ဟု အမ်းမြို့နယ်၊ သပြုချိုင်ကျွန်း ရေကောင်းချိန်ဆရာတော် အရှင်ဥယျဓမ္မ က DMG ကို မိန့်သည်။

“ဒီရေတောကို အမှီပြုပြီးတော့ ရှားပါးငှက်တွေ၊ ရှားပါးသတ္တဝါတွေ အမှီပြုပြီးတော့နေကြတယ်။ ဆိုတော့ အဲဒီသတ္တဝါတွေကိုလည်း ထိန်းသိမ်းရာရောက်အောင် အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ သား၊ငါးပုဇွန်တွေကိုလည်း ထိန်းသိမ်းပေးဖို့ဆိုပြီးတော့ သက်ဆိုင်ရာအသီးသီးကိုလည်း စာတင်အကြောင်းကြားထားတယ်။ အဲဒီနေရာမှာ ရှားပါးပြီးပြုန်းတီးသွားတဲ့ သစ်ပင်တွေကိုလည်း စိုက်ပျိုးသွားမယ်။ ရှားပါးတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းကိုလည်းတားဆီးသွားမယ်။ ဘေးမဲ့ဒီရေတောဆိုတဲ့နာမည်နဲ့အညီ လုပ်ဆောင်သွားမယ်“ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့်မြို့နယ်လေးခုတွင် ဒီရေတောပျက်စီးပြုန်းတီးမှု ၇၅ ရာခိုင်နှုန်းခန့်အထိရှိလာနေကြောင်း ပြည်နယ်အတွင်းက ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။