စစ်ကောင်စီကို လေယာဉ်ဆီရောင်းချမှု အမေရိကန်ပိတ်ပင်ပေးရန် တောင်းဆို 

စစ်ကောင်စီကို  လေယာဉ်ဆီရောင်းချမှုအပေါ် ပစ်မှတ်ထားသည့် အရေးယူမှုဆိုင်ရာအစီအမံများကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်ခဲ့သည်။ သို့သော်လည်း ယနေ့အချိန်ထိ မည်သည့် လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တစ်ခုကိုမျှ ချမှတ်ထားခြင်း မရှိသေးပေ။ 

By Admin 09 Jul 2024

 ၂၀၂၂ ခုနှစ်က မိတ္ထီလာတွင် တိုက်လေယာဉ်တစ်စီးကို တက်ရောက်ကြည့်ရှုနေသည့် စစ်ခေါင်းဆောင်။ 
 ၂၀၂၂ ခုနှစ်က မိတ္ထီလာတွင် တိုက်လေယာဉ်တစ်စီးကို တက်ရောက်ကြည့်ရှုနေသည့် စစ်ခေါင်းဆောင်။ 

DMG ၊ ဇူလိုင် ၉

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်စွမ်းကို ဟန့်တားနိုင်ရေးအတွက် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေးချမှတ်ပြဌာန်းရန် Justice For Myanmar နှင့် The Sentry တို့က တိုက်တွန်းလိုက်သည်။ 

အမေရိကန်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများထံမှရရှိသည့် ယုံကြည်ထိုက်သော ထောက်လှမ်းရေးသတင်း အချက်အလက်များကို အခြေပြုအသုံးချရန်နှင့် ပြဌာန်းပြီးဖြစ်သည့် ခိုင်မာအားကောင်းသော စည်းမျဉ်းကြီးကြပ်မှု နည်းလမ်းများကို လက်တွေ့အသုံးချရန် တောင်းဆိုထားသည်။

မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်မှုများက တနေ့တခြား ပိုမိုပြင်းထန်လာနေ၍ အမေရိကန် ဘဏ္ဍာရေးဌာနအနေဖြင့် လေယာဉ်ဆီဆိုင်ရာဆုံးဖြတ်ချက်ကို လက်တွေ့စတင်အသုံးပြုကာ တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်သည့် ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd နှင့် စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်ပတ်သက်နေသည့် အခြားသောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM နှင့် The Sentry တို့က တိုက်တွန်းသည်။

စစ်ကောင်စီကို  လေယာဉ်ဆီရောင်းချမှုအပေါ် ပစ်မှတ်ထားသည့် အရေးယူမှုဆိုင်ရာအစီအမံများကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်ခဲ့သည်။ သို့သော်လည်း ယနေ့အချိန်ထိ မည်သည့် လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တစ်ခုကိုမျှ ချမှတ်ထားခြင်း မရှိသေးပေ။ 

The Sentry ၏ တရားမဝင်ငွေကြေးဆိုင်ရာမူဝါဒဒါရိုက်တာ Oliver Windridge က “ အမေရိကန်ဘဏ္ဍာရေးဌာန အနေနဲ့ ဟန်ရေးပြသက်သက်မဟုတ် တကယ်အဟုတ်လုပ်တယ် ဆိုတာကို ပြသဖို့ မြန်မာစစ်အုပ်စုလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရပါမယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာကာလအတွင်း မြန်မာပြည်သူများအပေါ် ပစ်မှတ်ထားကာ လေကြောင်းပစ်ခတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် ကျူးလွန်နေကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာ အရေးယူဆောင်ရွက်မှု တွေ ကင်းမဲ့နေခြင်းကြောင့်လည်း ဒီလိုရာဇဝတ်မှုတွေ ဆက်လက်ရှိနေတာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီရရှိနေမှုကို ဖြတ်တောက်နိုင်ရေး အရေးယူဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုများ နေ့စဉ်ရှိနေသည်။

The Sentry နှင့် JFM တို့သည် စစ်ရာဇဝတ်မှုများနှင့် အတိဒုက္ခရောက်မှုများမှ အကျိုးအမြတ်ရရှိနေသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဖော်ထုတ်ရန်အတွက် သုတေသနပြုလေ့လာခြင်း၊ ဒေတာအချက်အလက်များကို ပုံဖော်ခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်နေသည့် အဖွဲ့များဖြစ်သည်။ 

ဗီဒီယိုများ