- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လက်နက်ကိုင်တော်လှန်ရေးတွင် တပ်ဦးမှပါဝင်သွားမည်ဟု မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများကြေညာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် တပ်ဦးမှပါဝင်သကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးတွင်လည်း ထိပ်ဆုံးမှပါဝင်သွားမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများမှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်သည်။
07 Sep 2021
DMG ၊ စက်တင်ဘာ ၇
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် တပ်ဦးမှပါဝင်သကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးတွင်လည်း ထိပ်ဆုံးမှပါဝင်သွားမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများမှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်သည်။
ယနေ့ကျရောက်သည့် ပြည်သူ့တော်လှန်ရေးနေ့တွင် ကျောင်းသားသမဂ္ဂအနေဖြင့် တပ်ဦးနေရာမှပါဝင်သွားမည်ကို ပြည်သူတစ်ရပ်လုံးသို့အသိပေးကြေညာခြင်းဖြစ်ကြောင်း မန္တလေးရတနာပုံ ကျောင်းသားသမဂ္ဂမှ ယာယီဥက္ကဋ္ဌ ကိုထက်မြတ်အောင်က ပြောသည်။
“ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေအနေနဲ့လည်း အာဏာသိမ်းတဲ့အချိန်ကစပြီး ပြည်သူရှေ့ကနေပြီး ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပြီးဖြစ်တယ်။ ရှေ့မှာလည်း ကဏ္ဍအသီးကနေပြီးဆောင်ရွက်ခဲ့တယ်။ ဒီကိစ္စမှာလည်းပဲ ကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေကနေပြီး တပ်ဦးနေရာက ပါဝင်ဆောင်ရွက်မယ်ဆိုတာကို ပြည်သူတွေတရပ်လုံးကို အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်”ဟု ၎င်းကဆိုသည်။
မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများ၏ မူဝါဒသည် UN ကိုမမျှော် အာဆီယံနိုင်ငံများကိုအားမကိုးဘဲ ကိုယ့်တိုင်းပြည်လွတ်လပ်ရေးကို ကိုယ်တိုင်တိုက်ယူမှသာရမည်ဟု ခံယူထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် အာဏာရှင်ပြုတ်ကျရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်နေပြီး ယနေ့အချိန်မှာ ပြည်သူများမျှော်လင့်နေသည့် “ပြည်သူ့တော်လှန်ရေးနေ့”သို့ ရောက်ရှိလာပြီဖြစ်သည်ဟု ကိုထက်မြတ်အောင်ကဆိုသည်။
“စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေက ဖက်ဆစ်စစ်တပ်ဆိုတဲ့အတိုင်းပဲသွားမှာပေါ့။ ပြည်သူဆိုတာလည်းနားမလည်ဘူး။ သူတို့ကိုရန်မူလာရင် အကုန်လုံးကိုသတ်ဖြတ်တာပဲ။ သူတို့အာဏာရရေးအတွက် ဘယ်သူမှမငဲ့ဘူး။ ကျွန်တော်တို့က စစ်အာဏာရှင်ကိုလက်ခံနိုင်စရာဘာအကြောင်းမှမရှိဘူး။ ကျွန်တော်တို့မျိုးဆက်မှာ ဖက်ဆစ်စနစ်ကို နောက်ဆုံးအမြစ်ပြတ်တိုက်ဖို့လိုတယ်။ မဟုတ်ရင်နောက်မျိုးဆက်ကို လက်ဆင့်ကမ်းရာကျမယ်”ဟု ကိုထက်မြတ်အောင်ကပြောသည်။
“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ ဖက်ဆစ်အာဏာရှင်စနစ်ဆိုးသည် ကျွန်နု်ပ်တို့မျိုးဆက်တွင်သာ နောက်ဆုံးဖြစ်ရစေရမည်” စသည့်အချက်များကိုလည်း တက္ကသိုလ်ကျောင်းသားများ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တက္ကသိုလ်ကျောင်းသားတို့ မျှော်မှန်းသည့် အကြွင်းမဲ့လွတ်လပ်ရေးသည် ဖက်ဆစ်စစ်တပ်နှင့် အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပြီး တန်းတူညီမျှသောဖက်ဒရယ်ဒီမိုကရေစီရရှိရန်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုထားသည်။
ပြည်သူများအနေဖြင့်လည်း ဖက်ဆစ်စစ်တပ်ကျရှုံးရန်အတွက် စစ်အုပ်စုထောက်တိုင်များကို ဖြိုဖျက်ခြင်း၊ မိမိတတ်နိုင်သည့် ကဏ္ဍအသီးသီးမှ ပါဝင်တော်လှန်ရန် မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများက တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့်တိုက်ခိုက်ရန် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကနိုင်ငံတော်အာဏာကို ရယူထားသည်မှာ (၇)လကျော်အထိရှိလာပြီဖြစ်ကာ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ကို ပုံစံနည်းမျိုးစုံဖြင့် တွန်းလှန်လျက်ရှိနေကြသည်။
စစ်တပ်ကအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၆ ရက်နေ့အထိ ရက်ပေါင်း ၂၁၈ ရက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် သေဆုံးသူ ၁၀၄၉ ဦးနှင့် ဖမ်းဆီးခံရသူ ၇၉၀၄ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။